မေလ (၂၃)ရက်။
မေလ (၁၈)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ပခုက္ကူမြို့ ဘုန်းကံရွာ စစ်ဆေးရေးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းမိခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဘုန်းကံရွာ စစ်ဆေးရေးက ရဲခွေး (၃)ကောင်ကို ပခုက္ကူမြို့ KTV ကို လာတဲ့အချိန် လမ်းကြောင်းတနေရာမှာ တပ်ပေါင်းစုအဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့တာ” လို့ ဆိုပါတယ်။
ဘုန်းကံရွာ စစ်ဆေးရေးဂိတ်က ဒုတပ်ကြပ်အပါအဝင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင် (၃)ဦးဟာ ပခုက္ကူမြို့ရှိ KTV ကို ထွက်လာတဲ့အချိန် တော်လှန်ရေးတပ်ပေါင်းစုတွေက အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရဲဒုတပ်ကြပ် သီဟအောင်(လ-၂၃၉၉၉၉)၊ ရဲတပ်သား လှဘုန်း(လ-၂၉၈၃၀၇)နဲ့ ရဲတပ်သား စည်သူလွင်(လ-၃၀၂၄၉၆)တို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။
သူတို့ကို ဖမ်းဆီးရမိခဲ့တဲ့အချိန် ဖုန်း (၃)လုံး၊ ငွေကျပ်(၁၉၈၀၀၀)နဲ့ လက်ပစ်ဗုံး (၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဖမ်းမိခဲ့တဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းထားကာ တပ်ပေါင်းစုထဲ Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group(YRG)၊ ပြည်သူ့အားမာန် PDF YSO၊ King Cobra နဲ့ ဒေါင်းစစ်သည်တို့ ပါဝင်တယ်လို့ သိရပါတယ်။
