အောက်တိုဘာလ (၂၃)ရက်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကို နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ရဲ့ အဓိကဆွေးနွေးဖက်မိတ်ဖက်အနေနဲ့ ဆက်လက်အသိအမှတ်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုလို CRPH ကို ဆက်လက်အသိအမှတ်ပြုတာဟာ ဒီကနေ့မှာကျင်းပတဲ့ (၁၅၁)ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
IPU ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် CRPH ကို မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားပြုအဖွဲ့အနေနဲ့ အသိအမှတ်ပြုခဲ့ပြီး ညီလာခံတွေနဲ့ အစည်းအဝေးတွေကို တက်ရောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အခုဆုံးဖြတ်ချက်ဟာ စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာထားတဲ့အချိန်မှာ ဆက်လက်အသိအမှတ်ပြုခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် CRPH အနေနဲ့လဲ IPU ရဲ့ အစည်းအဝေးတွေကို မြန်မာကိုယ်စားပြုကာ ဆက်လက်တက်ရောက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာအရေးဖြေရှင်းရာမှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းမှုနဲ့ ကူညီပံ့ပိုးပေးဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ် တည်ဆောက်နိုင်ဖို့ ပြည်သူက တောင်းဆို၊ ကြိုးပမ်းနေတာကို ကမ္ဘာက သိမြင်ပြီး ထိရောက်တဲ့ အကူအညီတွေ ရရှိဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။


