နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘန်ကောက်အကျဉ်းထောင်တွင် အလွန့်အလွန်အရေးကြီးသောပုဂ္ဂိုလ်များ(“VVIPs”) အဖြစ် ဇိမ်ကျနေသည့် “မီးခိုးရောင်တရုတ်” ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ ဖော်ထုတ်ခံရမှုက အရေးပေါ်ပြုပြင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့

The Nation- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက်

လျှို့ဝှက်စီးနင်းမှုတစ်ခုက ချမ်းသာကြွယ်ဝသော တရုတ်အကျဉ်းသားများက ဘန်ကောက် ထိန်းသိမ်းရေးအကျဉ်းထောင်၏ အစိတ်အပိုင်းအချို့ကို ပုဂ္ဂလိကနိဗ္ဗာန်ဘုံအဖြစ် မည်သို့ပြောင်းလဲခဲ့သည်ကို ဖော်ထုတ်ခဲ့ရာ အကြီးစားပြုပြင်ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ဘန်ကောက်ထိန်းသိမ်းရေးအကျဉ်းထောင်မှူးကို ရုတ်တရက်ထောင်မှ‌ ပြောင်းရွှေ့ အရေးယူ လိုက်ခြင်းက ချမ်းသာကြွယ်ဝသည့် တရုတ်ရာဇဝတ်သား” များက အကျဉ်းထောင်၏ အစိတ်အပိုင်းအချို့ကို ဇိမ်ခံပစ္စည်းများ၊ တားမြစ်ပစ္စည်းများ၊ အကာအကွယ်ပေးထားသည့် ဧရိယာများနှင့် ပြည့်စုံသော ပုဂ္ဂလိကခံစားခွင့်ရနေသည့်နိဗ္ဗာန်ဘုံအဖြစ် မည်သို့ပြောင်းလဲ ခဲ့သည်ဆိုသည့် အခြေအနေကာလကာကိုဖွင့်လှစ် ဖော်ထုတ်ပြလိုက်ရာ ပြစ်ဒဏ်စီရင်ရေး ဦးစီးဌာနအနေနှင့်မဖြစ်မနေ စုံစမ်းစစ်ဆေးမှု အပြည့်အစုံကို လုပ်ဆောင်ရန် တွန်းအား ဖြစ်လာခဲ့သည်။

နှစ်ပေါင်းများစွာကြာအောင် ထိုင်းအကျဉ်းထောင်များသည် ပြည်တွင်းမှ “ဂေါ့ဖားသားများ” ကိုသာ ခိုအောင်းခွင့်ပြုထားသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ယခုအခါ အကျဉ်းထောင်နောက်ကွယ်တွင် VVIP အဆင့်အတန်းကို ဝယ်ယူထားသည်ဟု စွပ်စွဲ ခံထား ရသည့် “ကောင်းကင်ဘုံမှ” တရုတ်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များကိုလည်း လက်ခံ ထား ကြောင်း အထောက်အထားများက ဖော်ပြခဲ့သည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တရားရေးဝန်ကြီးဌာနသည် ဘန်ကောက် ထိန်းသိမ်းရေး အကျဉ်းထောင်မှူးကို ရုတ်တရက် ပြောင်းရွှေ့ပြီးစစ်ဆေးခဲ့ရာ နိုင်ငံရေးနှင့် လူထု အနေနှင့်အုတ်အော် သောင်းနင်း ဖြစ်စေခဲ့သည်။

ပြောင်းရွှေ့ရသည့် အကြောင်းရင်းမှာ အကျဉ်းထောင်မှူးနှင့် အရာရှိများ၏ ကွန်ရက်တစ်ခု သည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများနှင့် ဆက်စပ်နေသည့် တရုတ်နိုင်ငံသား “မီးခိုးရောင်တရုတ်” အကျဉ်းသားများကို အထူးအခွင့်အရေးများ ပေးအပ် ခဲ့သည် ဟု စွပ်စွဲချက်များကြောင့်ဖြစ်ပြီး ထိုင်းအကျဉ်းသားများနှင့် အခြားအကျဉ်းသားများ ထံမှ တိုင်ကြားမှုများ မြောက်မြားစွာ ဖြစ်ပေါ်လာခဲ့သည်။

နှစ်ပေါင်းများစွာကြာသည့်နောက် လျှို့ဝှက်စီးနင်းမှု

Nation Online မှ ရရှိသော အချက်အလက်များအရ အဆိုပါပြောင်းရွှေ့မှုသည် သီးခြား ဆုံးဖြတ်ချက်မဟုတ်ပါ။ ယင်းသည် စုံစမ်းစစ်ဆေးရန် အကြိမ်ကြိမ် ကြိုးပမ်းမှုများမှာ အဖျက်ခံခဲ့ရပြီးနောက် ဒေသခံဝန်ထမ်းများကို ကြိုတင်အသိမပေးဘဲ ဘန်ကောက် ထိန်းသိမ်းရေးအကျဉ်းထောင်ကို လျှို့ဝှက် “အထူးအဖွဲ့” ဝင်ရောက်စီးနင်းမှုဖြစ်ပြီး နောက်မှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များသည် အထောက်အထားများ စုဆောင်းရာတွင် အခက်အခဲများနှင့် ကြုံတွေ့ ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ စစ်ဆေးမှုများကို စီစဉ်တိုင်း အကျဉ်းထောင်အတွင်းမှ “သတင်းပေးများ” က သက်ဆိုင်သူများကို ကြိုတင်အကြောင်းကြားသဖြင့် တားမြစ်ပစ္စည်း များနှင့် တရားမဝင်ပစ္စည်းများကို အချိန်မီ ဖယ်ရှားခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းတို့ လုပ်ဆောင်နိုင်ခဲ့သည်ဟု စွပ်စွဲထားသည်။

အထူးသဖြင့် ၎င်းတို့အား အနိုင်ကျင့်ခံရသည် သို့မဟုတ် ဒုတိယတန်းစားအဖြစ် ဆက်ဆံခံရသည်ဟု တိုင်ကြားခဲ့ကြသော ထိုင်းအကျဉ်းသား များထံမှ တိုင်ကြားမှုများသည် ထင်ရှားကျော်ကြားသည့် “မီးခိုးရောင်တရုတ်” သံသယရှိသူ အချို့ ဖမ်းဆီးခံရပြီးနောက် ထိန်းသိမ်းခံရသည့်အချိန်နှင့် တိုက်ဆိုင်ကာ နှစ်ပေါင်းများစွာ ကြာအောင် ဖြစ်ရှိလာခဲ့သည်။

ထင်ရှားသည့် ကိစ္စတစ်ခုမှာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ မြဝတီမြို့၊ ရွှေကုက္ကိုလ် အဆောက်အအုံနောက်ကွယ်မှ “လိမ်လည်မှုမြို့တော်၏ ဘုရင်ခံ” ဟု စွပ်စွဲခံထားရသူ ရှဲ ကျီကျန်း (She Zhijiang) ပါဝင်သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်များအတွင်း တရုတ်နိုင်ငံမှ တောင်းဆိုထားသည့် လွှဲပြောင်းပေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဘန်ကောက်ထိန်းသိမ်းရေးအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရချိန်၌ ရှဲသည် ထင်ရှားသော VIP ဆက်ဆံမှုများနှင့် ပတ်သက်သည့် တိုင်ကြားမှုများစွာ၏ အကြောင်းအရာ ဖြစ်ခဲ့သည်။

၎င်းတို့တွင်-

  • တရုတ်အကျဉ်းသားအားလုံး၏ အမှန်တကယ်ခေါင်းဆောင်အဖြစ် ပြုမူခြင်း၊ အခြားသူများအပေါ် သြဇာလွှမ်းမိုးခြင်း။
  • ခရူးကတ်ဆံပင်ညှပ်ရမည့် အခြားအကျဉ်းသားများနှင့်မတူဘဲ ဆံပင်ရှည်ထားခွင့်ပြုခြင်း။
  • ပုံမှန်စည်းမျဉ်းများကို လျစ်လျူရှုကာ ခေါင်းရေတွက်ခြင်းနှင့် အဖွဲ့လိုက် လှုပ်ရှားမှု များကို ရှောင်ရှားခြင်း။
  • ငွေနှင့် သြဇာအာဏာကို အသုံးပြု၍ ထိုင်းအကျဉ်းသားများကို ကိုယ်ရေး အကူများ အဖြစ် ငှားရမ်းခြင်း။
  • စပီကာကြီးများနှင့် အသံစနစ်များအပါအဝင် ဟိုတယ်ပုံစံ သက်သောင့်သက်သာ ပစ္စည်းများ ခံစားခြင်း။
  • အကျဉ်းထောင်အတွင်း စီးကရက်သောက်ခြင်း။
  • အပြင်မှ သယ်ဆောင်လာသော ဈေးကြီးသည့် အစားအစာများ စားသုံးခြင်း။
  • အခွင့်အရေးများပေးအပ်ရန် တာဝန်ရှိသူများထံ တစ်ကြိမ် “မျက်နှာသာပေးမှု” ပြုလျှင် ဘတ် ၁၀၀,၀၀၀ ဝန်းကျင် ပေးချေသည်ဟု စွပ်စွဲခံရခြင်း။

ထိုတိုင်ကြားမှုများက နောက်ဆုံးတွင် ရှဲကို တင်းမာမှုများ လျော့ပါးစေရန် ကြိုးပမ်းသည့် အနေဖြင့် ကလောင် ပရမ် ဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့စေခဲ့သည်။ သို့သော် အခြား “မီးခိုးရောင်တရုတ်” အကျဉ်းသားအများအပြားသည် သက်တောင့်သက်သာနှင့် သြဇာ အာဏာကို ဝယ်ယူရန် ကြီးမားသော ငွေကြေးအရင်းအမြစ်များဖြင့် ဘန်ကောက် ထိန်းသိမ်းရေး အကျဉ်းထောင်တွင် ကျန်ရှိနေခဲ့သည်ဟု စွပ်စွဲထားသည်။ မမျှတသော ဆက်ဆံမှုနှင့် ၎င်းတို့၏ လက်ပါးစေများ၏ ခြိမ်းခြောက်မှုဆိုင်ရာ တိုင်ကြားမှုများ ဆက်လက်များပြားလာခဲ့သည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရှဲ ကျီကျန်းကို အယူခံတရားရုံးက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် နောက်ဆုံးအမိန့်ချမှတ်ခဲ့ပြီး “ဟနုမာန်” အထူးစစ်ဆင်ရေးတပ်ဖွဲ့က လေယာဉ်ပေါ်သို့ လိုက်ပါပို့ဆောင်ခဲ့သည်။ သို့သော် ၎င်း၏ ထွက်ခွာသွားခြင်းသည် ပိုမိုနက်ရှိုင်းသော ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါ။

လျှို့ဝှက်ဇုံနေရာများ၊ တားမြစ်ထားသော ဇိမ်ခံပစ္စည်းများနှင့် သံတိုင်များနောက်ကွယ်မှ “နိဗ္ဗာန်ဘုံ”

တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၏ အမိန့်အရ လျှို့ဝှက်အထူးစီးနင်းမှုတစ်ခုကို နောက်ဆုံးတွင် လုပ်ဆောင်ခဲ့ရာ အရာရှိများက အကျဉ်းထောင်အတွင်း—အထူးသဖြင့် “မီးခိုးရောင်တရုတ်” အကျဉ်းသားများ လွှမ်းမိုးထားသည့် ဧရိယာများတွင်— စည်းကမ်းဖောက်ဖျက်မှု၏ “ရှင်းလင်းသော၊ ရုပ်ပိုင်းဆိုင်ရာ အထောက်အထားများ” အဖြစ် ဖော်ပြသည့် အရာများကို ရရှိခဲ့သည်။

စုံစမ်းစစ်ဆေးသူများသည် တားမြစ်ပစ္စည်းများ သို့မဟုတ် “တားမြစ်ထားသော အရာဝတ္ထုများ” အမြောက်အမြားကို သိမ်းဆည်းခဲ့ပြီး ၎င်းတို့ကို အဓိကအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားထားသည်။

အကျဉ်းသားဧရိယာများတွင် တွေ့ရသော ကိုယ်ပိုင်တားမြစ်ပစ္စည်းများတွင်-

  • ချွန်ထက်သောအရာများနှင့် ဓါးများ
  • စီးကရက်များ
  • မီးခြစ်များ
  • ကွန်ဒုံးများ

ဤအရာများစွာကို “မီးခိုးရောင်တရုတ်” အကျဉ်းသားများ ထိန်းချုပ်ထားသော အခန်းများနှင့် ဧရိယာများတွင် ရှာဖွေတွေ့ရှိခဲ့ရပြီး ထိုဧရိယာများသည် အကျဉ်းထောင်အတွင်း ကိုယ်ပိုင် “နိုင်ငံများ” ဖြစ်လာခဲ့သည်။

လျှပ်စစ်ပစ္စည်းများနှင့် သက်သောင့်သက်သာပစ္စည်းများဖြစ်သော-

  • မိုက်ခရိုဝေ့ဖ်မီးဖိုများ
  • လျှပ်စစ်ရေနွေးအိုးများ
  • အထူးအိပ်ယာခင်းများနှင့် အခြားသက်သောင့်သက်သာပစ္စည်းများ

ဤပစ္စည်းများကို လမ်းကြောင်းနှစ်ခုမှသာ ဥပဒေအရ အကျဉ်းထောင်အတွင်းသို့ ယူဆောင်လာနိုင်သည်-

  • လှူဒါန်းမှုများအဖြစ်၊ ယင်းတို့ကို အကျဉ်းထောင်ထိန်းချုပ်မှုအောက်ရှိ မျှဝေအသုံးပြုသည့် စုပေါင်းပိုင်ပစ္စည်းအဖြစ် မှတ်ပုံတင်ရမည်။
  • ဝန်ထမ်းပိုင်ပစ္စည်းများအဖြစ်၊ ကိုယ်ပိုင်အသုံးပြုရန် အကြောင်းပြချက်ဖြင့် ယူဆောင်လာသော်လည်း ရွေးချယ်ထားသော အကျဉ်းသားများကို ဝန်ဆောင်မှုပေးရန် လမ်းကြောင်းပြောင်းခဲ့သည်ဟု စွပ်စွဲထားသည်။

အရာရှိများသည် အကျဉ်းထောင်၏ အစိတ်အပိုင်းအချို့ကို အထူးအခွင့်အရေးရ “မီးခိုးရောင်တရုတ်” အကျဉ်းသားများသာ အဓိကဝင်ရောက်နိုင်သော “အထူးဧရိယာများ” အဖြစ် ပြောင်းလဲထားကြောင်း အထောက်အထားများလည်း တွေ့ရှိခဲ့ရပြီး ထိုနေရာများတွင် ၎င်းတို့သည် ဤပစ္စည်းများနှင့် သက်သောင့်သက်သာနေထိုင်နိုင်သည်ပစ္စည်းများကို သီးသန့်အသုံးပြုနိုင်ခဲ့သည်။

သီးခြားအစီရင်ခံစာများတွင် လာဘ်ယူလိုသော အကျင့်ပျက်အရာရှိများမှတစ်ဆင့် ပရီမီယံအစားအစာများ၊ စီးကရက်များနှင့် ဝိုင်ကဲ့သို့သော ဈေးကြီးသည့် အဖျော်ယမကာများ ကို ပုံမှန်ပို့ဆောင်ပေးခဲ့သည်ဟု စွပ်စွဲထားသည်။ ဤသြဇာလွှမ်းမိုးမှုဧရိယာများအတွင်း၌ အကျဉ်းသားများသည် အထူးဟင်းလျာများ စားသုံးခြင်း၊ သီချင်းနားထောင်ခြင်း၊ စီးကရက် သောက်ခြင်းနှင့် နေ့စဉ် လောင်းကစား (အများအားဖြင့် ဖဲကစားခြင်း) တို့ကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အထူးအခွင့်အရေးပေး ဆက်ဆံမှုသည် “မီးခိုးရောင်တရုတ်” အကျဉ်းသားများအတွက်သာ သီးသန့်မဟုတ်ကြောင်း သတင်းရင်းမြစ်များက အလေးထားပြောကြားသည်။ အိတ်ထဲတွင် ငွေအများအပြားရှိသည့် အဓိက မူးယစ်ဆေးဝါးရောင်းဝယ်သူများသည်လည်း အလားတူ အခွင့်အရေးများ ရရှိခဲ့သည်ဟု ဆိုသည်။

ပြစ်ဒဏ်စီရင်ရေးဦးစီးဌာန၏ အငြိမ်းစားအကြီးတန်းအမှုဆောင်တစ်ဦးက သိမ်းဆည်း ရမိသော ပစ္စည်းများနှင့် အခြားပစ္စည်းအများအပြားကို ပုံမှန်အဆောင်များတွင် ထားရှိရန် မဖြစ်နိုင်ဘဲ ဝန်ထမ်းရုံးခန်းများ သို့မဟုတ် အထူးပြင်ဆင်ထားသော အခန်းများတွင် ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ ထိုအခန်းများကို မျက်နှာသာပေးခံရသည့် အကျဉ်းသားများအတွက် တိတ်တဆိတ် ဖွင့်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း Nation Online သို့ ပြောကြားခဲ့သည်။

“မီးခိုးရောင်တရုတ်” အကျဉ်းသားများသည် လျှို့ဝှက်အခန်းများတွင် ၎င်းတို့အား ဖျော်ဖြေရန် တရုတ်မော်ဒယ်များကို အကျဉ်းထောင်အတွင်းသို့ ငွေပေးပို့စေခဲ့သည်ဟူသော အာရုံစိုက် ဖွယ်ရာ စွပ်စွဲချက်များနှင့် ပတ်သက်၍ အဆိုပါအငြိမ်းစားအရာရှိက ထိုသို့သော လျှို့ဝှက် အခန်းများ အမှန်တကယ်ရှိမရှိကို အတည်ပြု၍မရကြောင်း ပြောကြားခဲ့သည်။

သို့သော် ဝန်ထမ်းများမှတစ်ဆင့် သို့မဟုတ် စိစစ်ရာတွင် အားနည်းချက်များမှတစ်ဆင့် မှောင်ခိုသွင်း သောအခါ တားမြစ်ပစ္စည်းများသည် အကျဉ်းသားများထံ ရောက်ရှိနိုင်ကြောင်း နှင့် စီးကရက်၊ မီးခြစ်နှင့် ချွန်ထက်သောအရာများကဲ့သို့ ကိုယ်ပိုင်ပစ္စည်းများကို ငွေရှိပါက အကျဉ်းထောင် အတွင်း ရရှိနိုင်ကြောင်းကိုလည်း ၎င်းက ဝန်ခံခဲ့သော်လည်း ထိုသို့သော ချိုးဖောက်မှုများကို ပုံမှန်စုံစမ်းစစ်ဆေးပြီး အပြစ်ပေးကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အကျဉ်းထောင်မှူး၏ နောက်ခံနှင့် သက်ဆင်ဆေးရုံကိစ္စ

ဤအရှုပ်တော်ပုံသည် လက်ရှိပြောင်းရွှေ့ခံရသည့် ဘန်ကောက်ထိန်းသိမ်းရေး အကျဉ်းထောင်မှူး မာနော့ပ် ချွန်ချူးအင် (Manop Chomchuen) ၏ အသက်မွေး ဝမ်းကြောင်းအပေါ် စိတ်ဝင်စားမှုကို ပြန်လည်ဖြစ်ပေါ်စေခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် မာနော့ပ်သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ ကို ပုံမှန်အကျဉ်းထောင်ဆောင်တွင် မထားဘဲ ရဲဆေးရုံကြီး၏ ၁၄ လွှာတွင် ထားရှိရန် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကို စုံစမ်းစစ်ဆေးနေသည့် တရားရုံးချုပ် အဖွဲ့ရှေ့မှောက်တွင် ပထမဆုံးသက်သေအဖြစ် ထွက်ဆိုခဲ့သည်။ မာနော့ပ်သည် သက်ဆင်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ဆေးရုံသို့ ပြောင်းရွှေ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင်မှ ဘန်ကောက်ထိန်းသိမ်းရေးအကျဉ်းထောင်မှူးရာထူးကို ရယူခဲ့ခြင်းဖြစ်ပြီး သက်ဆင်၏ ပြည်ပတွင် ယခင်က ကုသမှုခံယူခဲ့ခြင်းကို မသိရှိကြောင်း ထွက်ဆိုခဲ့သည်။

အကျဉ်းထောင်သို့ ရောက်ရှိချိန်တွင် သက်ဆင်သည် “၆၀၈ အကျဉ်းသား”—အသက် ၆၀ ကျော်နှင့် နာတာရှည်ရောဂါရှစ်မျိုးရှိသူ—အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၎င်းကို အကျဉ်းထောင် အတွင်း ကုသနိုင်သော်လည်း အရေးပေါ်အခြေအနေများတွင် အပြင်ဆေးရုံသို့လည်း ပြောင်းရွှေ့နိုင်ကြောင်း ရှင်းပြခဲ့သည်။ မာနော့ပ်သည် အကျဉ်းသားများကို ပြင်ပဆေးဘက် ဆိုင်ရာ အဆောက်အအုံများသို့ ပို့ဆောင်ရန် ပုံမှန်လုပ်ထုံးလုပ်နည်းများကိုလည်း အသေးစိတ် ပြောကြားခဲ့သည်။

နောက်ဆုံးပြောင်းရွှေ့ခြင်းမပြုမီ မာနော့ပ်၏ ပြစ်ဒဏ်စီရင်ရေးဦးစီးဌာနမှ အသက်မွေး ဝမ်းကြောင်း တွင် တရားရေးရာရုံး၊ ဦးစီးဌာနအတွင်းဝန်အဖြစ် အချိန်အတန်ကြာ တာဝန် ထမ်းဆောင်ခြင်းနှင့် ဘန်ကောက်ထိန်းသိမ်းရေးအကျဉ်းထောင်အကြီးအကဲအဖြစ် တိုးမြှင့်ခံရခြင်းမပြုမီ ဘူရီရမ်၊ စမွတ် စခွန်နှင့် စမွတ် ပရာကန်တို့တွင် အကျဉ်းထောင်မှူး အဖြစ် ခန့်အပ်ခံရခြင်းများ ပါဝင်ခဲ့သည်။

ပြစ်ဒဏ်စီရင်ရေးဦးစီးဌာနမှ စုံစမ်းစစ်ဆေးမှု အပြည့်အစုံကို စတင်

လက်ရှိပြုပြင်ပြောင်းလဲမှုသည် တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဖုန်ဆဝပ် နီလဲယိုသင် (Pongsawat Neelayothin) မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့သည့် အမိန့်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ရုတ်တရက်စီးနင်းမှုနှင့် အရာရှိအချို့သည် မှားယွင်းမှုတွင် ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရပြီးနောက် မာနော့ပ်ကို ဘန်ကောက် ထိန်းသိမ်းရေး အကျဉ်းထောင်မှ ပြောင်းရွှေ့ခဲ့သည်။

ပြစ်ဒဏ်စီရင်ရေးဦးစီးဌာနက နောက်ပိုင်းတွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ၌ အတည်ပြုသည်မှာ-

  • စီးနင်းမှုတွင် အရာရှိအချို့သည် အကျဉ်းသားများကို ကိုင်တွယ်ရာတွင် စည်းမျဉ်းများ ကို ချိုးဖောက်ခဲ့ကြောင်း အထောက်အထားများ ဖော်ထုတ်နိုင်ခဲ့သည်။
  • အကျဉ်းထောင်မှူးနှင့် သီးခြားဧရိယာသုံးခုရှိ “မီးခိုးရောင်တရုတ်” အကျဉ်းသားများကို ကြီးကြပ်သည့် တာဝန်ရှိ အရာရှိ ၁၄ဦးမှ-၁၉ ဦးအတွင်းကို အရေးပေါ်ပြောင်းရွှေ့ ထားသည်။
  • စုံစမ်းစစ်ဆေးရေးမှူးများ၊ ပြစ်ဒဏ်စီရင်ရေးဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် စည်းကမ်းထိန်းသိမ်းရေးယူနစ်မှ အရာရှိများ ပါဝင်သည့် အချက်အလက် ရှာဖွေရေး ကော်မတီကို စွပ်စွဲချက်တိုင်းကို အသေးစိတ်စစ်ဆေးရန် စေလွှတ်ထားသည်။
  • ကနဦးတွေ့ရှိချက်များအရ တရုတ်အကျဉ်းသားအချို့သည် အခြားသူများအပေါ် သြဇာလွှမ်းမိုးမှုရှိကြောင်း အတည်ပြုခဲ့ပြီး ယင်းသည် ထိုင်းအကျဉ်းသားများအကြား မကျေနပ်မှုကို ဖြစ်ပေါ်စေကာ ပြစ်ဒဏ်စီရင်ရေးဦးစီးဌာနနှင့် တရားရေးဝန်ကြီးဌာန တို့ထံ တိုက်ရိုက်တိုင်ကြားမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဦးစီးဌာနသည် ပွင့်လင်းမြင်သာမှု၊ မျှတမှုနှင့် စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာမှုကို အလေးပေးသည့် ၎င်း၏ “ပြောင်းလဲမှု ငါးဆင့်” မူဝါဒကို ယခုအခါ အကောင်အထည်ဖော် နေကြောင်း ပြောကြားသည်။ ထိုင်းနိုင်ငံ၏ ပြစ်ဒဏ်စီရင်ရေးစနစ်၏ သမာဓိကို ကာကွယ်ရန် အတွက် ပြစ်မှုထင်ရှားသော ဝန်ထမ်းများကို စည်းကမ်းအရ အရေးယူဆောင်ရွက်သွားမည်ဟု အရာရှိများက အခိုင်အမာ ပြောကြားသည်။

စနစ်ကို မည်သို့ လိမ်လည်၍ကစားခဲ့သလဲ

စုံစမ်းစစ်ဆေးသူများသည် တားမြစ်ပစ္စည်းများနှင့် ပစ္စည်းများသည် အကျဉ်းထောင် အတွင်းသို့ မည်သို့ဝင်ရောက်ခဲ့သည်ကိုလည်း စစ်ဆေးနေသည်။ ကနဦးအစီရင်ခံစာများအရ

  • မိုက်ခရိုဝေ့ဖ်များနှင့် အခြားလျှပ်စစ်ပစ္စည်းများကို “လှူဒါန်းမှုများ” အဖြစ် တံဆိပ်ကပ်လေ့ရှိပြီး ယင်းတို့သည် အများသုံးရန် ရည်ရွယ်၍ ယူဆောင်လာခြင်း ဖြစ်သော်လည်း “မီးခိုးရောင်တရုတ်” အကျဉ်းသားများ အသုံးပြုသည့် ဧရိယာများသို့ လမ်းကြောင်းပြောင်းခဲ့သည်ဟု စွပ်စွဲထားသည်။
  • ပစ္စည်းအချို့ကို အစောင့်များ၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် ကြေညာခဲ့ပြီးနောက် ရွေးချယ်ထားသော အကျဉ်းသားများကို တိတ်တဆိတ် ရရှိနိုင်အောင် လုပ်ဆောင်ခဲ့သည်။
  • အကျဉ်းထောင်များသည် နိုင်ငံခြားသားများအတွက် မိသားစုဆက်နွှယ်မှုများကို စိစစ်ရန် ခက်ခဲသောကြောင့် နိုင်ငံခြားအမျိုးသမီးများ (“မော်ဒယ်နှင့်တူသူများ” အဖြစ် ဖော်ပြထားသူများအပါအဝင်) သည် တရုတ်အကျဉ်းသားများကို ပုံမှန်လာရောက် တွေ့ဆုံ နိုင်ခဲ့ပြီး တစ်ခါတစ်ရံတွင် ဧည့်သည်များသည် နိုင်ငံသားဖြစ်ခြင်းတူညီပါက ဝင်ခွင့်ပေးခဲ့သည်။
  • တရုတ်စကားအချို့ပြောတတ်သော ထိုင်းအကျဉ်းသားများကို “မီးခိုးရောင်တရုတ်” အကျဉ်းသားများက ကိုယ်ရေးအကူများအဖြစ် ငှားရမ်းထားကြောင်း အထောက် အထား များလည်း ရှိပြီး တရုတ်အကျဉ်းသားများကို ထိန်းသိမ်းထားသည့် ဧရိယာ သုံးခုတွင် အဖွဲ့ခေါင်းဆောင်များကို တစ်နေရာတွင် အတူထားရှိပြီး လက်အောက် ငယ်သားများကို သီးခြားထားရှိခြင်းဖြင့် ပြည်တွင်း၌ အဆင့်ခွဲခြားထားသည်။

ဤအရှုပ်တော်ပုံသည် ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်အတွင်း “မီးခိုးရောင်တရုတ်” ရာဇဝတ်ကွန်ရက်များ၏ အင်အားနှင့် ရောက်ရှိမှုကို ဖော်ထုတ်ရုံသာမကဘဲ ငွေ၊ သြဇာ အာဏာနှင့် ပူးပေါင်းကြံစည်မှုတို့က ပြစ်ဒဏ်ကို အခွင့်အရေးအဖြစ်သို့ ပြောင်းလဲရန် အမြတ်အစွန်းရရှိသည့် လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲခဲ့သည့် အကျဉ်းထောင် စီမံခန့်ခွဲမှုတွင် နက်နဲသော ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များကိုလည်း ဖော်ထုတ်ပြသ ခဲ့သည်။ လက်ရှိပြုပြင်ပြောင်းလဲမှုသည် ထိုကွန်ရက်များကို ဖျက်သိမ်းရန် လုံလောက်မည်လားဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကားတွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 2 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကား (၂)စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

ခင်ဦးမြို့မှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းတခုလုံးပျက်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 18 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ခင်ဦးမြို့နယ်မှာ အင်အား (၁၈၀)ခန့်ပါတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက
မြန်မာသတင်း

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားပြီး စစ်ဆေးနေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 16 Views
နိုဝင်ဘာလ (၂၄)ရက်။ ‌NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးနေပြီလို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို စစ်ဆေး‌အရေးယူပေးဖို့ နိုဝင်ဘာလ
မြန်မာသတင်း

ကံထူးမရွာဆေးရုံ ဗုံးကြဲခံရတာကြောင့် ပြည်သူ (၆)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 25 Views
နိုဝင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၀)မိနစ်အချိန်က တန့်ဆည်မြို့ ကံထူးမရွာ ဆေးရုံးနဲ့ ကားပြင်ဆိုင်တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက် (၁)နာရီ (၁၀)မိနစ်လောက်က စစ်ကစရဲ့
မြန်မာသတင်း

“ဝန်ကြီးချုပ်ရုံးအတွင်းဝန်က သံမဏိနှင်းဆီတဲ့လား?အမေရိကန်လွှတ်အမတ်တွေရဲ့အားပေးမှုဘယ်လောက်ထိရောက်နိုင်မလဲ?

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 38 Views
ဆိုတဲ့ ခေါင်းစဥ်နဲ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ခြင်း (၂၂) မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည (၇) နာရီခွဲမှာ ခေတ်မျက်လုံး YouTube
မြန်မာသတင်း

ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 47 Views
ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ပေါက်မြိုနဲ့ မြိုင်မြိုနယ်အစပ် စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျခဲ့တယ်လို အညာမြေ အရပ်ဖက်လူမှုအဖွဲအစည်း-မြိုင်ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဂွမြိုနယ် ကျိန္တလီမြို ဗုံးကြဲခံရပြီး (၇)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 50 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၁၅)မိနစ်အချိန်က ဂွမြိုနယ် ကျိန္တလီမြိုကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ‌သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ကျိန္တလီမြို အမှတ်(၁)ရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး
မြန်မာသတင်း

ဖရူဆိုမှာ ရှေ့တန်းပိုခံရတဲ့ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 37 Views
နိုဝင်ဘာလ (၂၂)ရက်။ ဖရူဆိုမြိုမှာ ရှေ့တန်းပိုဆောင်ခံရတဲ့ ခမရ(၅၃၁)တပ်ရင်းက စစ်ကော်မရှက်တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို Karenni Army BA-5 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက နိုဝင်ဘာလ (၇)ရက်နေ့မှာ ဖရူဆိုမြို