ဒီဇင်ဘာလ (၂၄)ရက်။
ဒီဇင်ဘာလ (၉)ရက်နေ့ကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ (၉)ရက်နေ့ နံနက်ပိုင်းကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စခစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ (၂)ပတ်လောက်အထိ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ စစ်တပ်ဘက်က (၁၂)ဦးထက်မနည်း သေဆုံးပြီး (၃၇)ဦးကျော် ဒဏ်ရာရရှိခဲ့တာ” လို့ ဆိုပါတယ်။
အဲ့ဒီစစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေဟာ ဒီဇင်ဘာလ (၉)ရက်၊ (၁၀)ရက်၊ (၁၆)ရက်နဲ့ (၂၀)ရက်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က (၁၂)ဦးထက်မနည်း သေဆုံးကာ (၃၇)ဦးထက်မနည်း ဒဏ်ရာရခဲ့သလို ပြည်သူ့စစ်တဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက (၂)ပတ်ကျော်တဲ့အထိ တိုက်ခိုက်ခဲ့ရာ ပေါက်မြို့နယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးနဲ့ MDY-PDF ရဲဘော်တဦး ကျဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် (၅)ဦး ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ PRF အပါအဝင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDO/PDA)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပခုက္ကူ)(BORDERLESS)၊
မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MGY-PDF)၊Phoenix Guerrilla Force(ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ပေါက်/မြိုင် (ပကဖ)နဲ့ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ အသက်အိုအိမ်တွေကို ခြိမ်းခြောက်လုယူဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ အဖိနှိပ်ခံ ပြည်သူလူထုအကျိုးစီးပွားအတွက် ကာကွယ်နေတယ်လို့ အသိပေးထားချက်အရ သိရပါတယ်။










