ဩဂုတ်လ (၂၃)ရက်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ကန့်ကွက်တားဆီးကြဖို့ NLD ပါတီက ဒီကနေ့မှာပြုလုပ်တဲ့ ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလဆဌမအကြိမ်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
NLD ပါတီ ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလဆဌမအကြိမ်အစည်းအဝေးကို zoom ကနေတဆင့် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်တာဆီးဖို့အပါအဝင် ဆုံးဖြတ်ချက် (၉)ချက်ကို ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီအချက်တွေထဲ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ နိုင်ငံထဲ ပဋိပက္ခတွေကိုသာ တိုးပွားစေမယ့်အပြင် ဒေသထဲ မတည်ငြိမ်တာတွေ ပိုမိုဖြစ်လာမယ့်အတွက် အသိအမှတ်ပြုတာနဲ့ ပူးပေါင်းတာမပြုဖို့ဆိုတဲ့အချက် ပါဝင်ပါတယ်။
နောက်ပြီး မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ တွေ့ဆုံဆွေးနွေးတာက ပြေလည်မှာမဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် နည်းလမ်းအမျိုးစုံ အသုံးပြုပြီး ကြိုးစားဖို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် သတင်းစီးဆင်းတာတွေ မြန်ဆန်စေဖို့ တိုင်းနဲ့ပြည်နယ်အလိုက် သတင်းပြန်ကြားရေးအဖွဲ့တွေကို တိုးချဲ့ဖွဲ့စည်းတာနဲ့ ယာယီပြင်ဆင်ဖွဲ့စည်းတာတွေကိုလဲ ဆောင်ရွက်ဖို့ အတည်ပြုခဲ့တယ်လို့ ရေးသားထားပါတယ်။
အစည်းအဝေးမှာ NLD သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအနေနဲ့ ဆောင်ရွက်ခဲ့ပြီး ဗဟိုကော်မတီတွေရဲ့ လုပ်ငန်းအစီရင်ခံစာတွေနဲ့ အကြံပြုစာတမ်းတွေကို တင်ပြဆွေးနွေးပြီး မှတ်တမ်းတင်ခဲ့တယ်လို့ သိရပါတယ်။

