ဩဂုတ်လ (၂၅)ရက်။
ဒီကနေ့ နံနက် (၁၁)နာရီ (၁၅)မိနစ်အချိန်က ကျောက်မဲမြို့ ပိန္နဲကုန်းရပ်ကွက်ရှိ ဝါဆိုကျောင်းဘက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ပိန္နဲကုန်းရပ်ကွက် ဝါဆိုကျောင်းဘက်ကို လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး လာကြဲသွားတာ။ သာမဏေတွေနဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာရှိတယ်” လို့ ဆိုပါတယ်။
ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့ကာ သာမဏေ (၃)ပါးနဲ့ အရပ်သားအမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ နေအိမ် (၂၂)လုံးနဲ့ ကျောင်းဆောင် (၄)ဆောင်အပြင် ကား (၂)စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလဲ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံးနဲ့ လက်နက်ကြီး (၁၁)လုံး ပစ်ခတ်ခဲ့ရာ နေအိမ် (၆)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာကြဖို့ TNLA က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

