ဧပြီလ (၂၆)ရက်။
ဘိလပ်မြေတအိတ်ကို (၁၇၀၀၀)ကျပ်နဲ့ ငလျင်ဘေးသင့်အဆောက်အအုံတွေကို ရောင်းချဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းပါဝင်တဲ့ မနေ့က သဘာဝဘေးကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ ဘိလပ်မြေတအိတ်ဈေးနှုန်းကို (၁၇၀၀၀)ကျပ်နဲ့ ဘေးသင့်အဆောက်အအုံတွေကို ရောင်းချပေးဖို့ သက်ဆိုင်ရာစက်ရုံတွေကို ဈေးနှုန်းသတ်မှတ်ပေးထားတယ်” လို့ စစ်ကောင်စီစက်မှုဝန်ကြီးက ဆိုပါတယ်။
အခုအခါ ဘိလပ်မြေ တအိတ်ဈေးနှုန်းဟာ ပြင်ပဈေးကွက်မှာ ငွေကျပ် (၄၀၀၀၀)ကျော် ဈေးကွက်ရှိနေပြီး ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်နေတဲ့အချိန် စစ်ကောင်စီက ဘေးသင့်အဆောက်အအုံတွေအတွက်ဆိုကာ သတ်မှတ်ထားတာပါ။
ငလျင်မလှုပ်ခင်အချိန်က ဘိလပ်မြေစက်ရုံ (၉)ရုံကနေ တရက်ကို ဘိလပ်မြေ (၆၁၄၀၀၀)အိတ် ထုတ်လုပ်နိုင်ခဲ့ပေမယ့် ငလျင်လှုပ်ပြီးတဲ့နောက် စက်ရုံ (၆)ရုံက ဘိလပ်မြေ (၃၄၂၀၀၀)အိတ် ထုတ်လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ငလျင်ကြောင့် ထိခိုက်တာတွေရှိတဲ့အထဲ ဘိလပ်မြေစက်ရုံအချို့ ပါဝင်ခဲ့ပေမယ့် စစ်ကောင်စီကတော့ မေလ (၁၅)ရက်နေ့မှာ ဘိလပ်မြေ (၄၄၂၀၀၀)အိတ် ထွက်ရှိနိုင်ဖို့ တိုးမြှင့်ထုတ်လုပ်သွားမယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
အခုအခါ စစ်ကောင်စီက ဘိလပ်မြေတွေကို သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ရောင်းချတာကြောင့်ဆိုပြီး ဆောက်လုပ်ရေးပစ္စည်းဆိုင် (၆၀)ကျော်နဲ့ ဆိုင်ပိုင်ရှင် (၈)ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
