မေလ (၂၆)ရက်။
မနေ့က တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့ရတဲ့အတွက် ဝမ်းမြောက်မိကြောင်းနဲ့ တိုင်းရင်းသားတွေအနေနဲ့ စည်းစည်းလုံးလုံနဲ့ နိုင်ငံ့အကျိုးကို ဖော်ဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။
ဒေသထဲ ရော်ဘာကိုအခြေခံတဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့၊ မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့နဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။
နောက်ပြီး NDAA အနေနဲ့ နှစ် (၃၀)ကျော် ကျင့်သုံးလာတဲ့ တို့တာဝန် (၃)ပါးကို အဓိကထား ဆောင်ရွက်နေပြီး ဒေသထဲ လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးအဖွဲ့တွေကိုမှ လက်ခံထားတာမရှိဘူးဆိုပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေသထဲနဲ့ နိုင်ငံတည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်းတွေအတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဒေသအတွက် လိုအပ်တာတွေ လမ်းညွှန်ဆောင်ရွက်ပေးဖို့ စစ်ခေါင်းဆောင်ကို ပြောဆိုခဲ့ပါသေးတယ်။
တွေ့ဆုံပွဲကို စစ်ခေါင်းဆောင်နဲ့အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး ကျော်စွာလင်းနဲ့ စစ်တပ်အရာရှိတွေ ပါဝင်ခဲ့ပြီး NDAA ဘက်က ဒုဥက္ကဋ္ဌ ဦးစန်ပေးနဲ့အတူ ဒုဥက္ကဋ္ဌ ဦးဆန်လူ၊ ဦးကြည်မြင့်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
