ဇွန်လ (၂၆)ရက်။
မနေ့က နံနက် (၁၁)နာရီအချိန် ကရင်နီပြည် ဖာဆောင်းမြို့နယ်ရှိ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
“ မော်ချီး တောင်ပေါ် (၁၂)ရပ်ကွက်ဘက်ကို စကစတပ်က လေကြောင်းဗုံးကြဲတာ။ ခဲကျင်းနဲ့ ကုန်စုံဆိုင်ပေါ်ကျတော့ အထိအခိုက်များသွားတယ်။ အခုလောလောဆယ်တော့ (၇)ဦးသေဆုံးပြီး (၂၀)လောက် ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်တာက ဖားဆောင်းမြို့ဘက်မှာ ကြဲတာက မော်ချီးကို” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီက မော်ချီးဒေသ တောင်ပေါ် (၁၂)ရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အချိန်ဟာ ဒေသခံတွေ အလုပ်လုပ်ကိုင်နေကြတဲ့ အချိန်ဖြစ်တာကြောင့် ထိခိုက်တာတွေ များပြားခဲ့တာလို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ အရပ်သားသေဆုံးသူ (၇)ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ (၂၀)ကျော်ခန့်ရှိကာ အဲ့ဒီအထဲ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
နောက်ပြီး စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဖားဆောင်းမြို့ဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့တာမဟုတ်ဘဲ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မော်ချီးဒေသဘက်ကို ဦးတည်ပြီး လေကြောင်းဗုံးကြဲခဲ့တာပါ။
အခုလို မော်ချီးဒေသထဲကို လေကြောင်းဗုံးကြဲခဲ့တဲ့အပေါ် စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေက ထိခိုက်သေဆုံးသူတွေဟာ PDF တွေဆိုပြီး မဟုတ်မမှန် ရေးသားပြောဆိုနေကြပါတယ်။
မော်ချီးဒေသကို ဗုံးကြဲတဲ့အချိန်ဟာ တဖက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်ပြီး လက်နက်ကိုင်လမ်းစဉ်စွန့်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြောဆိုနေတာလို့ သိရပါတယ်။

