ဇူလိုင်လ (၂၆)ရက်။
ဇူလိုင်လ (၁၇)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲ ဝင်လာခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဇူလိုင်လ (၁၇)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ TNLA တပ်ဖွဲ့ဝင် (၄)ဦး၊ DPLA တပ်ဖွဲ့ဝင် (၄၁)ဦးနဲ့ MDY-PDF တပ်ဖွဲ့ဝင် (၂၄)ဦး စုစုပေါင်း (၆၉)ဦး ဝင်လာခဲ့တာလို့ ဆိုပါတယ်။
နောက်ပြီး မနေ့က ဇူလိုင်လ (၂၅)ရက်နေ့မှာလဲ MDY-PDF က အမျိုးသား (၁၄)ဦးနဲ့ အမျိုးသမီး (၁)ဦး စုစုပေါင်း (၁၅)ဦး ဥပဒေဘောင်ထဲ ထပ်မံဝင်ရောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သူတို့ဟာ လက်နက်မျိုးစုံ (၁၃)လက်၊ ကျည်မျိုးစုံ (၁၅၁၅)တောင့်နဲ့ ကျည်အိမ် (၁၂)ခုနဲ့အတူ ဥပဒေဘောင်ထဲ ဝင်ရောက်လာတာဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။
စစ်ကောင်စီက ဥပဒေဘောင်ထဲ ဝင်ရောက်လာတယ်ဆိုသူတွေရဲ့ ဓါတ်ပုံတွေကို ဖော်ပြတဲ့အခါမှာတော့ သူတို့ရဲ့ မျက်နှာကို ထင်ထင်ရှားရှား ပြသထားတာမရှိတာကို တွေ့ရပါတယ်။
အခုလို စစ်ကောင်စီထံ တပ်ဖွဲ့ဝင်အချို့ ဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ယုတ္တိမရှိတဲ့အတွက် တုံ့ပြန်စရာမလိုဘူးလို့ DPLA ဘက်က ထုတ်ပြန်ထားကာ TNLA နဲ့ MDY-PDF ဘက်ကတော့ တစုံတရာ ပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။
