နိုဝင်ဘာလ (၂၆)ရက်။
နိုဝင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခွဲအချိန်က ရန်ကုန်ရှိ အင်းစိန်ထောင်အနီး တကိုယ်တော်ဆန္ဒပြတဲ့ လူငယ်တဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
“ အဲ့ဒီကောင်လေးက အင်းစိန်ထောင်ရဲ့ ဂိတ်ပေါက်နားမှာ တကိုယ်တော်ဆန္ဒပြတာ။ အဲ့ဒါကို စစ်တပ်က လာဖမ်းသွားတာ။ သူက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ ဆန္ဒပြတာ၊ သိပ်မကြာဘူး စစ်တပ်က လာဖမ်းသွားတာ” လို့ အနီးဝန်းကျင်နေသူတဦးက ဆိုပါတယ်။
လူငယ်အမျိုးသားဟာ အင်းစိန်ထောင်ရဲ့ ဝင်/ထွက်ဂိတ်ပေါက်အနီးမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တကိုယ်တော်ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်ဟာ သင်္ဃန်းကျွန်းမြို့ ကြီးပွားရပ်ကွက်နေ အသက် (၂၀)နှစ်အရွယ် နှင်းထက်ထက်အောင်ဖြစ်တယ်လို့ စစ်လော်ဘီချန်နယ်တွေက ရေးသားထားကြပါတယ်။
အဲ့ဒီလူငယ်ဟာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ဆိုတဲ့ စာသားပါ ပြက္ခဒိန်ကတ်ထူစာရွက်နဲ့ NLD အလံတို့ကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အင်းစိန်ထောင်အနီး တကိုယ်တော် ဆန္ဒပြခဲ့သူကို အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတွေက လုံခြုံရေးအဖွဲ့တွေဆီ အကြောင်းကြားခဲ့ပြီးနောက် ဖမ်းဆီးစစ်ဆေးခဲ့တာလို့ သိရပါတယ်။








