ဩဂုတ်လ (၂၇)ရက်။
စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲအလွန် လွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ်အရေအတွက် မပြောင်းလဲဘူးဆိုပြီး ရွေး/ကော်က မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
၂၀၀၈ခြေ/ဥအရ ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းတာမှာ (၁၁၀)ဦးထက်မပိုတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသားလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၅၆)ဦးနဲ့ ပါဝင်ဖွဲ့စည်းမှာလို့ ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော်အနေနဲ့ ဖွဲ့စည်းမယ့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ပါဝင်မယ့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို တပ်ချုပ်က အမည်စာရင်းတင်သွင်းတာဖြစ်ပါတယ်။
စစ်တပ်က လွှတ်တော်ထဲမှာ (၂၅)ရာခိုင်နှုန်းဆိုတဲ့ ကိုယ်စားလှယ်အစုအဖွဲ့အနေနဲ့ ဦးသိန်းစိန်လက်ထက်နဲ့ NLD အစိုးရလက်ထက် လွှတ်တော်သက်တမ်း (၂)ဆက်လုံးမှာ နေရာဝင်ယူထားတာပါ။
အခုလို စစ်တပ်က လွှတ်တော်နိုင်ငံရေးထဲမှာ ပါဝင်ပြီး ဥပဒေပြုရေးတွေကိုပါ ဝင်ရောက်စွက်ဖက်နေတာကြောင့် ပြည်သူအကျိုးပြု ဥပဒေပြဋ္ဌာန်းတာတွေမှာ ခရီးမရောက်ဘဲ အတားအဆီးတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
အခုပြုလုပ်မယ့် စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ စစ်တပ်ကို အကျိုးပြုမယ့် လူနဲ့ပါတီ ရွေးချယ်ပွဲသာဖြစ်တာကြောင့် ပူးပေါင်းပါဝင်တာမလုပ်ဘဲ ဆန့်ကျင်ကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။
