စက်တင်ဘာလ (၂၇)ရက်။
စစ်တပ် ပြိုကွဲအောင် ဒါမှမဟုတ် ဂုဏ်သိက္ခာ ထိခိုက်အောင် ဟောပြောတာတွေမလုပ်ဖို့ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲကော်မရှင်က သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
စက်တင်လာလ (၂၅)ရက်နေ့က စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေ ရေဒီယိုနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေကနေ ဟောပြောတင်ပြခွင့်ဆိုတဲ့ ထုတ်ပြန်ချက်မှာ သတိပေးပြောဆိုထားတာပါ။
အဲ့ဒီထုတ်ပြန်ချက်ထဲ နိုင်ငံရေးပါတီတွေ ဟောပြောတဲ့အခါ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းသာယာရေးကို ထိခိုက်စေတာ၊ တည်ဆဲဥပဒေတွေကို မလိုက်နာတာနဲ့ နိုင်ငံအကြည်ညိုပျက်အောင် ဟောပြောတာတွေမလုပ်ဖို့ တားမြစ်ထားပါတယ်။
နောက်ပြီး လူမျိုးရေး၊ ဘာသာရေး၊ လူတဦးချင်းနဲ့ လူအများနဲ့ပတ်သက်ပြီး ပဋိပက္ခဖြစ်စေနိုင်တဲ့ ဟောပြောစည်းရုံးတာတွေ မလုပ်ဖို့နဲ့ ဘာသာရေးကို နိုင်ငံအတွက် အလွဲသုံးစားပြုတဲ့ ဟောပြောတာတွေ မလုပ်ဖို့ သတိပေးထားပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ ဟောပြောတဲ့အခါ နိုင်ငံဝန်ထမ်းတွေကို တာဝန်မထမ်းဆောင်နိုင်အောင်နဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြစေတဲ့ သွေးထိုးလှုံ့ဆောင်တာတွေ မလုပ်ဖို့ ထည့်သွင်းထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီတွေဟာ သူတို့ရဲ့ မူဝါဒသဘောတရားတွေနဲ့အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်အောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို မဲဆွယ်ဟောပြောရမယ်လို့ ရွေး/ကော်က ပြောဆိုထားပါတယ်။
စစ်တပ်က ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးဖို့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေကနေ ဟောပြောတာကို အောက်တိုဘာလ (၂၈)ရက်နေ့ကနေ ဒီဇင်ဘာလ (၂၆)ရက်နေ့အထိ ခွင့်ပြုထားတယ်လို့လဲ သိရပါတယ်။
