အောက်တိုဘာလ (၂၅)ရက်။
ရန်ကုန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူငယ် (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေပြည်သာသပိတ်ကော်မတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဖမ်းဆီးခံရတာက စက်တင်ဘာ (၁၈)ရက်နေ့က အလုပ်ကအပြန်မှာ ဖမ်းသွားတာ။ ဖမ်းဆီးခံရတာက သပိတ်ကော်မတီရဲ့ တာဝန်ခံ ကိုရန်နိုင်ကြည်ဝင်းအပါ (၃)ဦးပါ၊ သူတို့ကို စကမက ရွေးကောက်ပွဲ အသိအမှတ်မပြု ဆန့်ကျင်ကန့်ကွက်လို့ဆိုပြီး အကြမ်းဖက်ဖမ်းဆီးခဲ့တာ” လို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ ဖမ်းဆီးခံရသူ (၃)ဦးဟာ ရွှေပြည်သာသပိတ်ကော်မတီရဲ့ တာဝန်ခံ ကိုရန်နိုင်ကြည်ဝင်းအပါအဝင် သူငယ်ချင်းဖြစ်သူ ကိုအောင်ရဲထွဋ်နဲ့ လုပ်ငန်းခွင်အတူလုပ်ကိုင်တဲ့ မယမင်းတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သပိတ်ကော်မတီတာဝန်ခံ ကိုရန်နိုင်ကြည်ဝင်းနဲ့ သူငယ်ချင်းဖြစ်သူ ကိုအောင်ရဲထွဋ်ကို အလုပ်ကအပြန် စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး မယမင်းကို နေအိမ်မှာ ထပ်မံဖမ်းဆီးခဲ့တာလို့ ရေးသားထားပါတယ်။
အခုအခါ သူတို့ (၃)ဦးကို စစ်အုပ်စုက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာ သူတို့ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲကာကွယ်တဲ့ဥပေဒ ပုဒ်မ ၂၃(က)နဲ့ အမှုဖွင့်ထားတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲ သပိတ်ကော်မတီတာဝန်ခံ ကိုရန်နိုင်ကြည်ဝင်းကို လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)၊ လှိုင်ယာသာမြို့နယ်(အနောက်ပိုင်း)နဲ့ လှိုင်မြို့နယ်တို့မှာ ပုဒ်မ ၅၀၅(က)နဲ့ ထပ်မံအမှုဖွင့်ထားတယ်လို့ သိရပါတယ်။








