အောက်တိုဘာလ (၂၈)ရက်။
အခုအခါ တနင်္သာရီမြို့နယ်ထဲ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ PDF-တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)နဲ့ အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)တို့ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုသာမက တိုက်ပွဲမရှိတဲ့ နေရာတွေကိုပါ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတို့နဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ ဒေသထဲ ကားလမ်းမကြီးတွေကတဆင့် စစ်ကူနဲ့ ထောက်ပံ့ဖြည့်တင်းတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီလမ်းတွေမှာ စစ်ဆေးရေးဂိတ်တွေ အခြေချတည်ဆောက်ကာ ခရီးသွားပြည်သူကို တရားမဲ့စစ်ဆေးတာ၊ လုံခြုံရေးအကြောင်းပြ ကုန်စည်တွေ သိမ်းဆည်းတာ၊ လူနဲ့ ကုန်စည်တွေကို တရားမဲ့ဖမ်းဆီးတာ၊ ဆက်ကြေးခွန်ကောက်ခံတာနဲ့ တပ်သားသစ်စုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ ရေးသားထားပါတယ်။
ဒီလို တနင်္သာရီမြို့မှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေ ပြင်းထန်နေတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ခရီးမသွားသင့်ဘူးလို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် ဒီကနေ့ကစပြီး မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းမကြီးတလျှောက် ခရီးသွားလာတာမပြုဖို့နဲ့ အထူးသဖြင့် ကားလမ်းမကြီးကို အသုံးမပြုဘဲ ရှောင်ရှားကြဖို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။







