မေလ (၂၉)ရက်။
မနေ့က ညနေ (၆)နာရီအချိန် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကော့ကရိတ်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ကနဲလေးတပ်စခန်းကို မနေ့က ညနေပိုင်းအချိန်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ” လို့ ဆိုပါတယ်။
ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်က ကျူးကျော်တပ်စွဲထားတဲ့ ကနဲလေးတပ်စခန်းကို KNU တပ်မဟာ (၆) KNLA ဦးဆောင်ကာ မေလ (၂၇)ရက်နေ့ နံနက် (၇)နာရီအချိန်က စတင်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကနဲလေးတပ်စခန်းကို KNLA အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နဲ့ PDF တို့က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသထဲသတင်းတွေက ဖော်ပြထားပေမယ့် KNU ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အသေးစိတ်ပြောဆိုထားတာ မရှိသေးပါဘူး။
အဲ့ဒီစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀)ကျော်ဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့သလို ဖမ်းဆီးရမိတာတွေရှိတယ်လို့ စစ်ရေးသတင်းတွေထံက သိရပါတယ်။

