အောက်တိုဘာလ (၂၉)ရက်။
ကော်သူးလေနယ်မြေထဲ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၅)ရက်နေ့က မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့ရှိ သရက်ချောင်းနယ်မြေကို စစ်တပ်ရဲ့ တပ်ရင်း (၄၀၃၊၄၀၄၊၄၀၅)တို့က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို စစ်တပ်လက်အောက်ခံ တပ်ရင်းတွေက စစ်ကြောင်းထိုးခဲ့တဲ့အချိန် တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ လဘရွာရှိ အရပ်သားနေအိမ် (၄၂)လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အောက်တိုဘာလ (၁၀)ရက်နေ့ကလဲ ခလယ်လွီထူခရိုင် မူးမြို့နယ်ထဲရှိ ကွင်းဒလကြီးရွာထဲကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားနေအိမ် (၇၂)လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ကော်သူးလေနယ်မြေထဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာ မရှိပါဘူး။
အကြမ်းဖက်စစ်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ငြိမ်းချမ်းနေသလို ပြုမူနေပေမယ့် တော်လှန်ရေးတပ်တွေ ထိန်းချုပ်တံ့ဒေသတွေက ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ အဆက်မပြတ် ကျူးလွန်နေတယ်လို့ သိရပါတယ်။










