အောက်တိုဘာလ (၂၉)ရက်။
ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
MDY-PDF အနေနဲ့ စတင်စုဖွဲ့ချိန် ၂၀၂၁ခုနှစ်ကစပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုးနိုင်ဖို့အတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။
အခုကာလတွေမှာ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေရဲ့ ပံ့ပိုးကူညီတာ၊ မိတ်ဖက် နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းလက်တွဲတာနဲ့ တပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့ စွန့်လွှတ်ပေးဆပ်တာတွေနဲ့အတူ မန္တလေးဒေသထဲက နယ်မြေအချို့ကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ကာကွယ်နိုင်ဖို့ ကြိုးပမ်းရာမှာ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ဆောင်ရွက်သွားမယ်လို့ MDY-PDF က ပြောဆိုထားပါတယ်။
ဒါ့အပြင် ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိနေပါစေ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းတဲ့ တိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။
MDY-PDF ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ တည်ရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တယ်လို့ သိရပါတယ်။








