မေလ (၃၀)ရက်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အပစ်ရပ်ထားတဲ့အပေါ် လိုက်နာဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငလျင်အတွက် အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ငလျင်ကြောင့် ပြန်လည်ထူထောင်ရးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ စစ်တပ်က ဧပြီလ (၂)ရက်နေ့ကစပြီး အခုလကုန်အထိ ယာယီအပစ်ရပ်တဲ့ကာလ သတ်မှတ်ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် နိုင်ငံနဲ့ ပြည်သူရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သက်ဆိုင်သူတွေအနေနဲ့ ယာယီအပစ်ရပ်ထားတဲ့အပေါ် အလေးထားစဉ်းစားကာ လိုက်နာကြဖို့ဆိုပြီး သူက တိုက်တွန်းခဲ့တာပါ။
ယာယီအပစ်ရပ်တဲ့ထုတ်ပြန်ချက်ထဲက အချက်တွေကို လိုက်နာကြဖို့ ပြောဆိုနေတဲ့ စစ်ခေါင်းဆောင်ဟာ အဲ့ဒီကာလထဲ နိုင်ငံအနှံ့ လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
ဒီလို စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ယာယီအပစ်ရပ်တဲ့ထုတ်ပြန်ချက်ဟာ ဟန်ပြသာဖြစ်တဲ့အတွက် အာဆီယံဦးဆောင်ပြီး နိုင်ငံတကာကပါဝင်တဲ့ စောင့်ကြည့်ထိန်းသိမ်းတဲ့ယန္တရားထားဖို့ NUG က တိုက်တွန်းထားပါတယ်။
အခုတလထဲ စစ်အုပ်စုရဲ့ နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ (၉၇)ဦးရှိပြီး အဲ့ဒီအထဲ (၁၈)နှစ်အောက်ကလေးငယ် (၃၆)ဦးပါဝင်ကာ စစ်ကိုင်းမှာ (၅၁)ဦးနဲ့ အများဆုံးဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ငလျင်အတွက် အလှူငွေပေးအပ်ပွဲမှာ ဧပြီလ (၁)ရက်နေ့က ပထမအကြိမ်အနေနဲ့ ငွေကျပ် (၁၂၅)ဘီလီယံကျော်ရှိခဲ့ပြီး မနေ့က ဒုတိယအကြိမ်အနေနဲ့ တန်ဖိုးငွေကျပ် (၁၃၁)ဘီလီယံကျော်နဲ့ အမေရိကန်ဒေါ်လာ (၂၃)သိန်းကျော်ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
