ရဲစခန်းရှိ အကျဉ်းသားတွေနဲ့ သံသယတရားခံ စုစုပေါင်း (၂၀)ကျော် သေဆုံးခဲ့တယ်လို့ MDY-PDF ထုတ်ပြန်
ဇူလိုင်လ (၃၀)ရက်။
မနေ့က ညနေပိုင်းအချိန် စဉ့်ကူးမြို့ရှိ လက်ပန်လှရဲစခန်းနဲ့ ရွှေပန်တောရွာတို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စစ်ကောင်စီက လက်ပန်လှရွာ ရဲစခန်းနဲ့ ရွှေပန်တောရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ။ အဲ့ဒီလိုတိုက်ခိုက်တာကြောင့် ရဲစခန်းက အကျဉ်းသားတွေနဲ့ သံသယတရားခံတွေ ထိခိုက်သေဆုံးတာရှိတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်ပန်လှရွာရှိ ရဲစခန်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြစ်ဒဏ်ကျ အကျဉ်းသားတွေနဲ့ သံသယတရားခံ (၂၂)ဦး သေဆုံးခဲ့ပြီး (၃၀)ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရွှေပန်တောရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်စဉ်ထဲ အမျိုးသား (၁)ဦးနဲ့ အမျိုးသမီး (၁)ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေကာ စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့ MDY-PDF ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။



