ဇူလိုင်လ (၃၀)ရက်။
ကျဆုံးလုနီးပါးဖြစ်နေတဲ့ စစ်အာဏာရှင်ကို ဟန်ချက်ညီညီ ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုတွေကို TNLA က ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ ပြည်သူတွေရဲ့ စုပေါင်းတိုက်ခိုက်တာကြောင့် အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ မြန်မာ့တပ်မတော် အဖြစ်ဆိုးကို ကျရောက်နေတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေကောင်းကို အသုံးချပြီး အရင်ကထက် မဟာဗျူဟာမြောက်တဲ့ တော်လှန်ရေးလုပ်ငန်းစီမံချက်တွေနဲ့ စုပေါင်းပြီး ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကို TNLA က တောင်းဆိုထားပါတယ်။
နောက်ပြီး ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေတဲ့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ရပ်တွေကို PSLF/TNLA အနေနဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ရပ်ဆိုးတွေကို အမြန်ဆုံး ရပ်တန့်ဖို့ ကုလသမဂ္ဂနဲ့ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရတွေက ကူညီပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
ပြည်သူကို ရန်သူလို တိုက်ခိုက်ချေမှုန်းနေတဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတဲ့အန္တရာယ်ကနေ လွတ်ကင်းနိုင်ဖို့ တော်လှန်ရေးသတိနဲ့ ဗုံးခိုကျင်းတွေ ပြုလုပ်ကာ နေထိုင်ကြဖို့ ထည့်သွင်းတိုက်တွန်းထားတယ်လို့ သိရပါတယ်။
