အောက်တိုဘာလ (၃၀)ရက်။
အောက်တိုဘာလ (၂၈)ရက်နေ့ နံနက် (၇)နာရီ (၁၅)မိနစ်အချိန်က ပေါင်းတည်မြို့ ဝဲကြီးဆည်ရှိ စစ်ကော်မရှင်ရဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ PPDF-၃၆၀၁တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပေါင်းတည်မြို့ ဝဲကြီးဆည်က စကမစစ်ဆေးရေးဂိတ်ကို ရှေ့ထွက်မိုင်းခွဲပြီး တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီမှာ နေရာမှာတင် စကမတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးသွားတယ်” လို့ ဆိုပါတယ်။
ဝဲကြီးဆည်ရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို PPDF-၃၆၀၁တပ်ရင်း တပ်ခွဲ(၂)က ရှေ့ထွက်မိုင်းခွဲပြီး တိုက်ခိုက်ခဲ့ရာ နေရာမှာပဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်တာမှာ ပြည်သူတွေ ရှင်းလင်းချိန်ကို စောင့်ပြီး မိုင်းခွဲခဲ့ပေမယ့် မထင်မှတ်ဘဲ ပြည်သူ (၃)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုလို ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာနဲ့ပတ်သက်ပြီး လွန်စွာစိတ်မကောင်း ဝမ်းနည်းရတယ်လို့ PPDF-၃၆၀၁တပ်ရင်းက ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ဂိတ်စခန်းတွေအနီး နေထိုင်တာနဲ့ သွားလာတာတွေ မပြုလုပ်ကြဖို့ ထပ်မံအသိပေးထားပါတယ်။
စစ်ကော်မရှင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ဒဏ်ရာရသူတွေထဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအပြင် သတင်းပေး(ဒလန်)ဖြစ်တဲ့ မေကဗျာဆိုသူ ပါဝင်တယ်လို့ ပြောဆိုထားပါတယ်။
သူဟာ စစ်တပ်နဲ့ပေါင်းပြီး PDF တွေရဲ့ သတင်းအချက်အလက်တွေ ပေးပို့တာနဲ့ ပြည်သူတွေ မြို့ကဝယ်လာတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးရှာဖွေသိမ်းယူတာတွေ ပြုလုပ်နေတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








