ဇန်နဝါရီလ (၃၁)ရက်။
ဒီကနေ့ နံနက် (၇)နာရီခွဲကျော်အချိန်က တပ်မဟာ(၇)နယ်မြေရှိ KNU ဌာနချုပ်ရဲ့ ကလို့ယော်လေးကွင်းပြင်အနီးကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းတွေထံက သိရပါတယ်။
“ နံနက်(၇)နာရီခွဲကျော်မှာ တစ်လုံးကျတယ်၊ နောက်တစ်လုံးက (၁၀)မိနစ်လောက်ပဲခြားတယ်။ အသံကလဲ တော်တော်ကျယ်တယ်၊ ထိခိုက်တာတွေလဲရှိတယ်” လို့ ဆိုပါတယ်။
KNU ဌာနချုပ်ရဲ့ ကလို့ယော်လေးကွင်းပြင်အနီးကို စစ်ကောင်စီက ကာမေကာဇေ အသေခံဒရုန်း(၂)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦတစ်ခုနဲ့ ကားတစ်စီး ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့နေရာဟာ ၂၀၁၉ခုနှစ်က ကရင့်တော်လှန်ရေးနေ့ နှစ်(၇၀)ပြည့် အခမ်းအနား ပြုလုပ်ခဲ့တဲ့နေရာဖြစ်ပြီး အခု (၇၆)နှစ်မြောက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာပါ။
(၇၆)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို KNU က နှစ်ပေါင်း (၃၀)ကျော်ကြာ လက်လွှတ်ခဲ့ပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ မာနယ်ပလောဌာနချုပ်ဟောင်းမှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခဲ့တယ်လို့ သိရပါတယ်။