ဧပြီလ (၂)ရက်။
ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိ၊မရှိ စိစစ်ရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိတာကို ပြည်ထောင်စုလွှတ်တော်က တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းနဲ့ ကိုက်ညီတာအပါအဝင် သမ္မတ ရွေးချယ်တာနဲ့ပတ်သက်ပြီး လျှို့ဝှက်ဆန္ဒမဲပေးတဲ့အပေါ် ကြိုတင်ရှင်းလင်းတင်ပြခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်က အရည်အချင်းနဲ့ကိုက်ညီတယ်ဆိုပြီး ကြေညာတဲ့ ဒုသမ္မတ (၃)ဦးထဲက သမ္မတ၊ ဒုသမ္မတနဲ့ ဒုသမ္မတ(၂)တို့ကို မနက်ဖြန် ဧပြီလ (၃)ရက်နေ့မှာ ရွေးချယ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
အခုအခါ ဒုသမ္မတတွေအနေနဲ့ ပြည်သူ့လွှတ်တော်က မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်က နန်းနီနီအေးနဲ့ စစ်တပ်အစုအဖွဲ့ဘက်က ညိုစောတို့ကို ရွေးချယ်ခဲ့တာပါ။
မနက်ဖြန်မှာ ပြည်ထောင်စုလွှတ်တော်က သမ္မတရွေးချယ်မယ်လို့ ကြေညာပေမယ့် အရင်ထဲက မင်းအောင်လှိုင်က သမ္မတလုပ်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာလို့ သိရပါတယ်။








