ဇန်နဝါရီလ (၃)ရက်။
မနေ့က ညနေ (၆)နာရီ (၄၀)ခန့်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခရိုင်ထွေ/အုပ်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ လှည်းကူး ပဲခူးကားလမ်းမကြီးဘေးက ခရိုင်ထွေ/အုပ်ရုံးကို နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ပြင်းအားမြင့်မိုင်း (၂)လုံး တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
အဲ့ဒီခရိုင်ထွေ/အုပ်ရုံးဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို အဓိကပါဝင်လုပ်ဆောင်နေတာကြောင့် ပြင်းအားမြင့်မိုင်း (၂)လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
“ အသံတော့ကြားတယ်၊ ဘယ်နေရာမှာဖြစ်တယ်ဆိုတာတော့ သေချာမသိရဘူး။ ပြီးတော့ ထွေ/အုပ်ရုံးမှာက စခတွေ လုံခြုံရေးစောင့်တာမရှိဘူး။ အဲ့ဒီရုံးအရှေ့နားတွေမှာက တရားရုံးတွေ ရဲစခန်းတွေရှိတာ” လို့ မြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ခရိုင်ထွေ/အုပ်ရုံး မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ထိခိုက်တဲ့အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
ဒါ့အပြင် စစ်ကောင်စီနဲ့ပတ်သက်တဲ့ပစ်မှတ်တွေ၊ တရားမဝင်ရွေးကောက်ပွဲမှာ ပါဝင်လုပ်ကိုင်နေကြသူတွေကို အပြင်းအထန် ဆက်လက်တိုက်ခိုက်သွားမယ်လို့ Yangon Army က သတိပေးထားတယ်လို့ သိရပါတယ်။








