ဇန်နဝါရီလ (၅)ရက်။
ဇန်နဝါရီလ (၂)ရက်နေ့က မူးမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သား (၃)ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတပ်သား (၃)ဦးဟာ စစ်တပ်ရဲ့ ခမရ(၅၉၉)တပ်ရင်းကဖြစ်ပြီး သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရကာ KNLA တပ်ရင်း (၈)ထံ ဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။
KNLA တပ်ရင်း(၈)ထံ လက်နက်ချ အလင်းဝင်လာသူတွေဟာ အောင်လင်းနိုင်(ခ)နိုင်ကြီး (၂၀)နှစ်၊ ဖြိုးအောင်(ခ)မဲလုံး (၂၆)နှစ်နဲ့ စန်းမင်းကို (၁၉)နှစ်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူတွေအနေနဲ့ နီးစပ်တဲ့ တပ်ဖွဲ့တွေဆီ ဆက်သွယ်ပြီး အလင်းဝင် ဘက်ပြောင်းခိုလှုံကြဖို့ KNU က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းတာမှာ ဒီကနေ့အချိန်အထိ ဖြစ်စဉ်ပေါင်း (၁၇၆၃)ခုရှိပြီး စုဆောင်းခံရသူ (၃၁၀၀၀)ကျော်ရှိတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီဖြစ်စဉ်တွေထဲက အများဆုံး အတင်းအဓမ္မ စုဆောင်းခံရတဲ့ ဒေသဟာ မန္တလေးတိုင်းဖြစ်ပြီး ရခိုင်ပြည်နယ်က ဒုတိယအများဆုံး စစ်မှုထမ်းဦးရေ စုဆောင်းခံနေရတယ်လို့ ဆိုပါတယ်။
မြေပြင်ခြေနေမှာလဲ တိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လာသူ အများစုဟာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူတွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။








