ဇန်နဝါရီလ (၆)ရက်။
မနေ့က ည (၈)နာရီခွဲခန့်က ခင်ဦးနယ်အရှေ့ခြမ်း ကုန်းကြီးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
“ ခင်ဦးနယ်အရှေ့ခြမ်း လမ်းဆုံအရှေ့ဘက်က ကုန်းကြီးရွာစာသင်ကျောင်းကို လေကြောင်းကနေ ဗုံးလာကြဲသွားတာ။ အဲ့ဒီစာသင်ကျောင်းမှာက မန္တလေး သပိတ်ကျင်းနဲ့ စဉ့်ကူးက စစ်ရှောင်တွေ တည်းခိုနေတာ။ အဲ့ဒါကို စစ်တပ်က ပေါင် (၅၀၀)ဗုံးတွေ ရော့ကတ်ဗုံးတွေနဲ့ လာကြဲသွားတာ” လို့ ဆိုပါတယ်။
ကုန်းကြီးရွာစာသင်ကျောင်းကို စစ်တပ်က မိတ္ထီလာရှမ်းတဲတက်နဲ့ တံတားဦးတက်ကနေ ဂျက်ဖိုက်တာ (၃)စီးနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံးအပါအဝင် ရော့ကတ်ဗုံးသီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စာသင်ကျောင်းမှာ တည်းခိုနေတဲ့ စစ်ရှောင်ပြည်သူ (၅)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲခဲ့တဲ့ စာသင်ကျောင်းမှာ လာရောက်တည်းခိုနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ မန္တလေး သပိတ်ကျင်းနဲ့ စဉ့်ကူးနယ်တို့ကဖြစ်တယ်လို့လဲ ပြောဆိုထားပါတယ်။
အခုအခါ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းပစ်ခတ်တာတွေ ပိုမိုများပြားလာတာကြောင့် ပိုမိုသတိထားနေကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။










