ဇန်နဝါရီလ (၆)ရက်။
ဒီကနေ့ နံနက် (၉)နာရီခွဲကျော်အချိန်က ဝက်လက်နယ်တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
“ ပေါက်ကန်ဘူတာရွာကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ (၉)နာရီ (၄၇)မိနစ်မှာ တကြိမ်၊ (၅၂)မိနစ်မှာ တကြိမ်နဲ့ (၅၇)မိနစ်မှာတကြိမ် ပေါင်(၃၀၀)ဗုံး (၃)လုံး လာကြဲသွားတာ” လို့ ဆိုပါတယ်။
စစ်တပ်ဟာ ပေါက်ကန်ဘူတာရွာကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ပေါင် (၃၀၀)ဗုံး (၃)လုံး ကြဲချခဲ့တာဖြစ်ပြီး (၂)လသားအရွယ် ကလေးငယ်တဦးအပါအဝင် (၃)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် သေဆုံးသူတွေထဲ အသက် (၇၀)အရွယ် ဒေါ်မြနဲ့ အသက် (၆၀)အရွယ် ဒေါ်တင်တင်ဌေးတို့ဖြစ်ကာ အသက်(၄၀)အရွယ် အမျိုးသမီးတဦးလဲ ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
အခုလို ပေါက်ကန်ဘူတာရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်နဲ့ ကားအချို့ မီးလောင်ပျက်စီးခဲ့တယ်လို့လဲ မြေပြင်သတင်းတွေက ပြောဆိုထားပါတယ်။
အခုအခါ စစ်တပ်က ဝက်လက်နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ပိုမိုပြုလုပ်နေတာကြောင့် သတိပြုနေထိုင်ကြဖို့ တိုက်တွန်းတာတွေရှိတယ်လို့ သိရပါတယ်။









