ဖေဖော်ဝါရီလ (၆)ရက်။
မနေ့က ညနေ (၅)နာရီခန့်က ဆောမြိုနယ်ရှိ မိအယ်ရွာကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ညနေ (၄)နာရီ (၅၅)မိနစ်လောက်မှာ ဆောနယ် ကျောက်ထုဒေသက မိအယ်ရွာကို စစ်တပ်က တိုက်ပွဲမရှိဘဲနဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ” လို ဆိုပါတယ်။
မိအယ်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၅)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရခဲ့တယ်လို ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အရပ်သားနေအိမ် (၄၀)ခန့် ထိခိုက်ပျက်စီးခဲ့ကာ နေအိမ် (၅)လုံးနီးပါး လုံးဝ ပျက်စီးသွားပြီး ကျန်နေအိမ်တွေကတော့ အနည်းငယ် ပျက်စီးတာတွေရှိခဲ့တယ်လို ရေးသားထားပါတယ်။
အခုလို စစ်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ထိခိုက်ခဲ့တဲ့ မိအယ်ရွာရှိ မိသားစုနဲ့ ပြည်သူတွေကို ယောအလင်းတန်းက တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီသွားမယ်လို အသိပေးထားပါတယ်။
ဒါ့အပြင် ပြည်တွင်းပြည်ပရှိ ပြည်သူတွေအနေနဲ့လဲ ကူညီထောက်ပံ့လိုရင် ဆက်သွယ်ကူညီနိုင်တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။










