ဇန်နဝါရီလ (၇)ရက်။
ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ မနေ့ကပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးကော်မတီအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ (၅)ရက်နေ့အထိ တိုင်းနဲ့ပြည်နယ်တွေမှာ ရွေးကောက်ပွဲဥပဒေနဲ့ စစ်တပ်က အရေးယူမှု (၂၄၀)မှာ အမျိုးသား (၂၇၅)ဦးနဲ့ အမျိုးသမီး (၆၀)ဦး စုစုပေါင်း (၃၃၅)ဦးရှိတယ်လို့ ဆိုပါတယ်။
အစည်းအဝေးထဲ ထွန်းထွန်းနောင်က ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်တာတွေနဲ့ ဝါဒဖြန့်သူတွေကို ဆက်လက်စုံစမ်းဖော်ထုတ် အရေးယူဖို့ ညွှန်ကြားခဲ့ပါသေးတယ်။
နောက်ပြီး ရွေးကောက်ပွဲ အပိုင်း(၂)နဲ့ (၃)မှာ အပိုင်း(၁)တုန်းက ကြုံခဲ့တဲ့ မဲပေးစက်အားနည်းတာနဲ့ လုံခြုံရေး အားနည်းတာတွေကို အင်အားဖြည့်ပြီး ဆောင်ရွက်ဖို့ ပြောဆိုခဲ့ပါတယ်။
စစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း(၁)မှာ မြို့နယ်ပေါင်း (၁၀၂)မြို့ရှိ မဲရုံတွေကို မဲပေးပိုင်ခွင့်ရှိသူတွေထဲက မဲလာပေးတာ (၅၂)ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကျင်းပချိန် မဲမပေးနိုင်အောင် ခြိမ်းခြောက်ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပေမယ့် ရွေးကောက်ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်တယ်ဆိုပြီး ထွန်းထွန်းနောင်က ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။








