ဖေဖော်ဝါရီလ (၇)ရက်။
မူးမြို့နယ်ရှိ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်တက်က လက်နက်ကြီး၊ ဒရုန်းတွေအပြင် လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖေဖော်ဝါရီလ (၁)ရက်နေ့က ခင်ကြီးရွာ၊ လှေဒုံးရွာနဲ့ ငတိုးခင်ရွာထဲကို စစ်တပ်က လက်နက်ကြီး (၅)လုံး ပစ်ခတ်ခဲ့သလို နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်မှာ ခင်ကြီးရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ ခင်ကြီးရွာက နေအိမ် (၉)လုံး ထိမှန်ပျက်စီးခဲ့ကာ ဖေဖော်ဝါရီလ (၂)ရက်မှာ ခလရ(၄၃၉)ကနေ ခင်ကြီးရွာကို ဒရုန်းနဲ့ ထပ်မံဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး (၁)ဦး သေဆုံးပြီး နေအိမ် (၄)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနင် (၁၀)နာရီခွဲအချိန်က စောခီးရွာထဲကို တောင်ငူလေတပ်ကနေ လေကြောင်းဗုံးကြဲခဲ့ကာ (၉)နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် နေ့လယ် (၁၁)နာရီအချိန်မှာလဲ ခင်ကြီးရွာကို ခမရ(၄၃၉)ကနေ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံးခဲ့ပြီး ညနေ (၄)နာရီခန့်မှာ ငထွေစုတ်ရွာထဲ ဗုံးသီးကြဲချတာနဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် (၁၄)နှစ်အရွယ်တဉး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနောက် ဖေဖော်ဝါရီလ (၅)ရက် နံနက် (၈)နာရီခွဲအချိန်မှာ မျက်နီကွင်းရွာကို စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်ကနေ ဒရုန်းနဲ့ ဗုံးသီး (၆)လုံး ကြဲချခဲ့တာကြောင့် နေအိမ် (၄)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။








