ဖေဖော်ဝါရီလ (၇)ရက်။
တိုင်းပြည်မဖွံ့ဖြိုးတာ တိုင်းပြည်ခေါင်းဆောင်တွေ မလယ်အလတ်လမ်းစဉ်တရားနဲ့ အဆတ်ပြတ်လို့ဆိုပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒီကနေ့ ရှမ်းအမျိုးသားနေ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တိုင်းပြည်မငြိမ်မသက်၊ အကျပ်အတည်းဖြစ်လို့ ပြည်သူတွေ စစ်ဘေးရှောင်ရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးရတာနဲ့ နေအိမ်စွန့်ခွာရတာတွေ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။
ဒါတွေဟာ တိုင်းပြည်ခေါင်းဆောင်တယောက်ရဲ့ အတ္တ၊ မာန၊ လောဘကြီးမားတာ၊ လူထုဆန္ဒအတိုင်းမဟုတ်ဘဲ တဦးထဲဆန္ဒနဲ့ ဆောင်ရွက်တာနဲ့ ပင်လုံစာချုပ်ကို မလိုက်နာတာတွေကြောင့်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးဖို့ ခေတ်သစ် ခေါင်းဆောင်တွေအနေနဲ့ အတိတ်က အမှားတွေကို သင်ခန်းစာယူကာ ကိုယ့်အမှားကို မြင်တတ်ဖို့ သူက အကြံပြုထားပါတယ်။
နောက်ပြီး အပြန်အလှန် ယုံကြည်မှုတည်ဆောက်တာ၊ ပင်လုံကတိကဝတ်တွေကို အကောင်အထည်ဖော်တာနဲ့ နှစ်ဦးနှစ်ဖက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် တိုင်းပြည်လုံခြုံဖို့နဲ့ ကာကွယ်ဖို့အတွက် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းတည်ထောင်ဖို့ကိုလဲ RCSS ဥက္ကဋ္ဌက အကြံပြုထားပါတယ်။
အခုလို အကြံပြုထားတဲ့အချက်အတိုင်း ဆောင်ရွက်နိုင်ရင် တိုင်းပြည်ဖွံ့ဖြိုးမှာဖြစ်တယ်ဆိုပြီးလဲ ထည့်သွင်းထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။








