ဖေဖော်ဝါရီလ (၇)ရက်။
လမ်းပြမြေပုံ (၆)ချက်ကို ကြိုးပမ်းအကောင်အထည်ဖော်သွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲရှိ အင်အားစုတွေနဲ့ စုပေါင်းကာ နိုင်ငံရေးနဲ့ တော်လှန်ရေးဆိုင်ရာကိစ္စတွေ ဆက်လက်အကောင်အထည်ဖော်မယ့် လမ်းပြမြေပုံ (၆)ချက်ကို ညီညွတ်စွာ အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ တော်လှန်ပြည်သူတွေနဲ့ လက်တွဲပြီး မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့နဲ့ စစ်အုပ်စုကြောင့် ထိခိုက်ဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် တရားမျှတမှုနဲ့ ပြန်လည်ကုစားခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပြည်သူ့ကိုယ်စားပြု ဦးဆောင်မှုအခန်းကဏ္ဍကနေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကို စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတခု ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ ၂၀၂၃ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီကနေ အမည်ပြောင်းလဲ ဆောင်ရွက်ခဲ့တာပါ။
အခုအခါ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီး အခြေခံဥပဒေအရ လွှတ်တော်အကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကြားကာလအစိုးရဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို အတည်ပြု ဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။








