ဇန်နဝါရီလ (၈)ရက်။
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်က ဒီကနေ့မှာ အလုပ်နဲ့ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
“ ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် (၁)နှစ်ဆိုပြီး အမိန့်ချလိုက်ပြီ။ ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွေကို ချိုးဖောက်ကျူးလွန်တာကြောင့်ဆိုပြီး ဒီနေ့ နံနက်ပိုင်းကပဲ အမိန့်ချလိုက်တာ” လို့ တရားရုံးနဲ့နီးစပ်သူတဦးက ဆိုပါတယ်။
စစ်တပ်လက်အောက်ခံ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဦးလွင်မြင့်ကို ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွေကို ချိုးဖောက်တာကြောင့်ဆိုပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၅၈(ဂ)နဲ့ အမိန့်ချမှတ်ခဲ့တာပါ။
ဦးလွင်မြင့်ဟာ လူမှုကွန်ရက်အချို့မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးချိန် “ တော်လှန်ရေး” ၊ “ အရေစတော်ပုံ” ဆိုတဲ့ အသုံးအနှုန်းတွေ အသုံးပြုတာကြောင့် စစ်လော်ဘီတွေက ဖမ်းဆီးဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။
အဲ့ဒီနောက် ဒီဇင်ဘာလ (၁၇)ရက်နေ့ ညပိုင်းမှာ စစ်တပ်လက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့က ဦးလွင်မြင့်ရဲ့ နေအိမ်ကို လာရောက်ဖမ်းဆီးခေါ်ဆောင်ပြီး မြို့နယ်ရဲစခန်းမှာ (၄)နာရီကြာ စစ်ဆေးကာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တာပါ။
ဒါ့အပြင် ဦးလွင်မြင့်ဟာ ပြီးခဲ့တဲ့ စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း(၁)မှာ သင်္ဃန်းကျွန်းမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်နေရာ ဝင်ပြိုင်ခဲ့ပေမယ့် ရှုံ့နိမ့်ခဲ့တယ်လို့ သိရပါတယ်။







