ဖေဖော်ဝါရီလ (၁၀)ရက်။
ဒီကနေ့ နံနက် (၁၀)နာရီခန့်က ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ ချက်ကန်ရွာကို ဂျက်ဖိုက်တာ (၄)စီးနဲ့ လာကြဲသွားတာ။ ပေါင် (၅၀၀)ဗုံးတွေလဲပါတယ်၊ စုစုပေါင်းအကြိမ်ရေ (၁၀)ကြိမ်လောက် လာကြဲသွားတာ။ လောလောဆယ်တော့ (၁၀)ဦး သေဆုံးတယ်ကြားတယ်။ ဒဏ်ရာရတာတွေလဲများတယ်” လို့ ဒေသထဲသတင်းရင်းမြစ်က ဆိုပါတယ်။
ပေါက်နယ်တောင်ပိုင်းရှိ ချက်ကန်ရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၄)စီးနဲ့ ပေါင် (၅၀၀)ဗုံးတွေအပါအဝင် (၁၀)ကြိမ်နီးပါး လာကြဲချသွားခဲ့ကာ ပြည်သူ (၁၀)ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ချက်ကန်ရွာကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိသလို နေအိမ်ပျက်စီးတာတွေလဲရှိကာ အသေးစိတ်ကို ဆက်လက်စုံစမ်းနေပါတယ်။
ပေါက်မြို့နယ်အပါအဝင် မကွေးတိုင်းထဲ စစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။
ပြီးခဲ့တဲ့နှစ်ထဲ နိုင်ငံတဝန်းမှာ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ (၂၃၀၀)ကျော် သေဆုံးကာ (၄၀၀၀)ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။









