ဧပြီလ (၁၀)ရက်။
ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သဝဏ်လွှာထဲ ဒီကနေ့ နေ့ထူးနေ့မြတ်ကစပြီး AA နဲ့ ရခိုင်ပြည်သူအားလုံး ဘေးအန္တရာယ်ကင်းဝေးကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ရခိုင်ပြည်မျှော်မှန်းချက်တို့ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ဆုမွန်ကောင်းတောင်းထားပါတယ်။
အခုအချိန်ဟာ AA အနေနဲ့ ရခိုင်ပြည်ရှိ ပြည်သူတရပ်လုံးအတွက် ပိုမိုကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုနဲ့ လုံခြုံစိတ်ချရတဲ့ လူမှုဘဝကို ပေးစွမ်းနိုင်ဖို့ တော်လှန်ရေးလောကဓံကို ကြံ့ကြံ့ခံပြီး မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒါဟာ “ စည်းလုံးခြင်းသာ အင်အား” ဆိုတဲ့ AA နဲ့ ရခိုင်ပြည်သူတွေရဲ့ ခိုင်မာတဲ့ မျှော်မှန်းချက်တို့နဲ့အတူ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်မှုရလဒ်ဖြစ်ပြီး တိုင်းရင်းသားတွေအတွက် အတုယူဖွယ် သက်သေပြယုပ်တခုလို့ ရေးသားထားပါတယ်။
နောက်ပြီး အဘက်ဘက်က နိုင်ငံရေး၊ စစ်ရေး ဖိအားတွေကို ရင်ဆိုင်ကျော်လွှားကာ ရခိုင်ပြည်သူတွေအတွက်သာမက မြန်မာပြည်သူတရပ်လုံး လွတ်မြောက်ဖို့အတွက် စိန်ခေါ်မှုကြားကပဲ ကူညီဖြည့်ဆည်းပေးနိုင်ခဲ့တာကို ဂုဏ်ယူဝမ်းမြောက်စွာ တွေ့မြင်ရတယ်လို့ ပြောဆိုထားပါတယ်။
တော်လှန်ပြည်သူတွေနဲ့ တသားထဲ ရပ်တည်ပြီး လူထုတော်လှန်ရေးအတွက် ပံ့ပိုးကူညီတာတွေနဲ့ လမ်းညွှန်မှုတွေအတွက် ကြိုးပမ်းတာတို့ဟာ AA ရဲ့ ချီးကျူးလေးစားဖွယ်ကောင်းတဲ့ တော်လှန်ရေးနှလုံးရည်နဲ့ ညီနောင်မဟာမိတ်စိတ်ဓါတ်ကို ပေါ်လွင်စေတယ်လို့လဲ ဆိုပါတယ်။
ဒါ့ကြောင့် အနာဂတ်မှာ ညီနောင်မဟာမိတ်ပီပီ ချစ်ကြည်ရင်းနှီးမှု မပျက်ဘဲ တော်လှန်ရေးရည်မှန်းချက် ရောက်ရှိတဲ့အထိ အတူကြိုးပမ်းသွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။
ဒါ့အပြင် ဒီကနေ့ ကျရောက်တဲ့ တပ်ထည်ထောင်တဲ့ အထိမ်းအမှတ်နေ့မှာ တော်လှန်ရေးတိုက်ပွဲတွေထဲ ပေးဆပ်အနစ်နာခံခဲ့တဲ့ ရက္ခိုင့်အာဇာနည်တွေနဲ့ ရက္ခိုင်သူရဲကောင်းတွေကို လေးစားတန်ဖိုးထားပြီး ဂုဏ်ပြုဦးညွတ်အလေးပြုတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








