ဧပြီလ (၁၁)ရက်။
မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဥက္ကဋ္ဌ ခူဦးရယ်ကို အစည်းအဝေး သဘာပတိအနေနဲ့ ရွေးချယ်ခဲ့ကြပါတယ်။
အဲ့ဒီနောက် SCEF အဖွဲ့ဝင်တွေဖြစ်တဲ့ KIO၊ KNU၊ KNPP၊ CNF၊ CRPH နဲ့ NUG တို့ရဲ့ ခေါင်းဆောင်တွေက ကြိုဆိုနှုတ်ခွန်းဆက်စကားတွေ ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အစည်းအဝေးမှာ SCEF အတွင်းရေးမှူးအဖွဲ့ရဲ့ ဆောင်ရွက်ထားတာတွေကို ရှင်းလင်းတင်ပြတာ၊ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အစည်းအဝေးထဲ အတည်ပြုတာ (၅)ရပ်၊ မှတ်တမ်းတင်တာ (၄)ရပ်နဲ့ ရှေ့လုပ်ငန်းစဥ် (၃)ရပ်တို့ကို သဘောတူချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။








