ဇန်နဝါရီလ (၁၂)ရက်။
မနေ့က တရက်ထဲ ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)နဲ့ အမတ(၃၁၆)အပါအဝင် ဂိတ်စခန်းအချို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်(RMA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနက် (၈)နာရီလောက်မှာ စကခ(၁၉)ကို ရှော့တိုက်ဒုံး (၃)လုံး၊ ကလော့ရွာအနီးက အမတ(၃၁၆)ကို ရှော့တိုက်ဒုံး (၂)လုံး ပစ်ခတ်ခဲ့တာ။ အဲ့ဒီရှော့တိုက်ဒုံးတွေက အနီးတဝိုက်ကို ကျရောက်ခဲ့ပါတယ်။ ထိခိုက်တဲ့အခြေအနေကိုတော့ စုံစမ်းနေတယ်” လို့ ဆိုပါတယ်။
မနေ့က နံနက် (၈)နာရီအချိန်မှာ ရေးမြို့ပေါ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ကို ၁၀၇မမ ရှော့တိုက်ဒုံး (၃)လုံးနဲ့ ကလော့ရွာအနီးရှိ အမြောက်တပ်(၃၁၆)ကို (၁၀၇)မမ ရှော့တိုက်ဒုံး (၂)လုံး ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်စခန်းတွေရဲ့ အနီးတဝိုက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး နံနက် (၄)နာရီအချိန်ကလဲ ရေးမြို့ရှိ အစင်ရွာထိပ်မှာ စခန်းချထားတဲ့ စစ်တပ်ဂိတ်ကို ရာမညမွန်တပ်တော်ရဲဘော်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး (၃)ဦး သေဆုံးကာ (၁)ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲ့ဒီတရက်ထဲ နံနက် (၈)နာရီအချိန်က မုဒုံမြို့မြို့ ကမာဝက်မြို့အခြေစိုက် ခမရ(၂၀၉)တပ်ရင်းကို RMA ဒရုန်းတပ်ဖွဲ့က ဗုံးသီး (၂)လုံး ကြဲချခဲ့တာကြောင့် တပ်ထဲ အရာရှိ (၁)ဦး သေဆုံးခဲ့တယ်လို့ ကနဦးထုတ်ပြန်ထားချက်အရ သိရပါတယ်။








