စစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၀)ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့
ဇန်နဝါရီလ (၁၂)ရက်။
ယောဒေသစစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၂)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဂန့်ဂေါခရိုင်စစ်ဌာနက ယောဒေသစစ်ဆင်ရေးကို ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက် (၅)နာရီအချိန်က စတင်ခဲ့ပြီး စစ်တပ်တပ်ဖွဲ့ထားတဲ့ ပျူစောထီးရွာတွေနဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ဆင်ရေးစတင်တဲ့ရက်မှာပဲ ပျူစောထီးရွာတွေဖြစ်တဲ့ ဝင်ဝရွာ၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ မြောက်ခင်ရန်းရွာ၊ ရွှေမြစ်သာရွာနဲ့ တောကျောင်းကာကင်းစခန်းတို့ကို တပြိုင်ထဲ ထိုးစစ်ဆင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီထိုးစစ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ဝပျူစောထီးရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး ဒီဇင်ဘာလ (၃၀)ရက်နေ့မှာ မြောက်ခင်ရန်းရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲမှာ စစ်တပ်ဘက်က (၆)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကာ အထိနာခဲ့သလို ဇန်နဝါရီလ (၄)ရက်နေ့မှာ ရွှေမြစ်သာရွာကို ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးတွေထဲ စစ်တပ်ဆီကနေ G3 (၄)လက်၊ ကာဘိုင် (၂)လက်၊ ခါးချိုး (၂)လက်၊ Jumber (၁)လုံး၊ ၆၀မမ ဗုံးသီး(၅)လုံး၊ လခြမ်းမိုင်း(၃)ခု၊ ချိန်း(၁)ခု၊ G3 ကျည် (၆၀)တောင့်၊ 7.62 ကျည် (၂၂၅)တောင့်၊ ကာဘိုင်ကျည်(၁၁၈၅)တောင့်၊ လက်ပစ်မိုင်း(၁)လုံးနဲ့ Icon စကားပြောစက် (၃)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒေသခံပြည်သူတွေကို လုံခြုံတဲ့နေရာဆီ ရွေ့ပြောင်းထားပြီး လိုအပ်တဲ့ ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ထားတယ်လို့ အသိပေးထားပါတယ်။
စစ်ဆင်ရေးမှာ ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ရှိ တပ်ရင်းတွေ၊ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့၊ KKG တပ်ရင်း(၅/၆)၊ ဂန့်ဂေါခရိုင် ပကဖ၊ ဂန့်ဂေါမြို့နယ်နဲ့ဆောမြို့နယ်ပကဖ၊ မြိုင်မြို့နယ်ပကဖ(ဗိုလ်လကျ်ာအဖွဲ့)၊ ယောတပ်တော်(YA) နဲ့ YDF (ရဲဘော် ကောင်းကောင်း အဖွဲ့)ပူးပေါင်းအဖွဲ့တို့ ပါဝင်ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ယောဒေသစစ်ဆင်ရေးအနေနဲ့ ဆက်လက်တည်ရှိနေပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်ကာ စစ်ဆင်ရေးလုပ်ငန်းတွေ ဖော်ဆောင်သွားမှာဖြစ်တာကြောင့် ပြည်သူတွေ လေကြောင်းအန္တရာယ် အထူးသတိပြုဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။








