ဖေဖော်ဝါရီလ (၁၂)ရက်။
နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုနဲ့ ပြည်တွင်းပယောက ကင်းရှင်းဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါ တိုင်းရင်းသားညီအကိုတွေ ပြည်ထောင်စုစိတ်ဓါတ် အရင်းခံကာ နိုင်ငံရေးနည်းလမ်းနဲ့ ရင်ကြားစေ့ ဆွေးနွေးအဖြေရှာတာနဲ့သာ အောင်မြင်နိုင်မယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်း လူ့အခွင့်အရေးတွေ ချိုးဖောက်ကာ နေ့တိုင်း ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာ ဆွေးနွေးတာတွေကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်လှစ်ကြိုဆိုတယ်လို့ ထည့်သွင်းပြောဆိုထားပြန်ပါတယ်။
နောက်ပြီး ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA ပါ ဘုံသဘောတူညီချက်တွေနဲ့အညီ ပူးပေါင်းပါဝင်ဖို့ဆိုပြီးလဲ တိုက်တွန်းထားပါသေးတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ အောင်မြင်ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့သူတွေကို မင်းအောင်လှိုင်က ကျေးဇူးတင်တယ်လို့ ပြောဆိုထားသလို မကြာမီကျင်းပမယ့် လွှတ်တော်တွေ၊ အစည်းအဝေးတွေကနေ ပေါ်ထွက်လာမယ့် အစိုးရကို နိုင်ငံ့တာဝန်တွေ လွှဲပြောင်းပေးမယ်လို့ ထပ်မံပြောဆိုထားပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်တဲ့အခါ ပြည်ပစွက်ဖက်မှု ကင်းရှင်းရမယ်ဆိုပြီး စစ်ခေါင်းဆောင်က မကြာခဏ ပြောဆိုနေပေမယ့် တဖက်မှာတော့ မြန်မာ့နိုင်ငံရေးထဲ တရုတ်က နည်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက်နေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ရှမ်းမြောက်ဒေသ တိုက်ပွဲတွေမှာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရုတ်က နိုင်ငံရေးနည်းနဲ့ ဖိအားမျိုးစုံပေးနေပြီး စစ်အုပ်စုကို တဖက်တလမ်းကနေ ကူညီအားပေးတာတွေရှိတယ်လို့ သိရပါတယ်။








