ဇန်နဝါရီလ (၁၃)ရက်။
စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ကိုယ်ပွားပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အခိုင်အမာ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပြည်သူတွေက စစ်အုပ်စုနဲ့ သူ့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ကြတယ်။ ရွေးကောက်ပွဲပထမပိုင်းဟာ စစ်အုပ်စုက လုံးဝ လူတကာရယ်စရာဖြစ်တယ်ဆိုတာကို ပေါ်လွင်စေရုံထက် မပိုပါဘူး။ ဒါကိုပဲ ဘာလို့ ရွေးကောက်ပွဲ ဆက်လုပ်နေဦးမှယလဲ” လို့ SAC-M အဖွဲ့ဝင် ယန်ဟီးလီက ဆိုပါတယ်။
စစ်အုပ်စုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပထမပိုင်းမှာ အရှက်တကွဲဖြစ်ခဲ့ရပြီး နေရာအနှံ့ ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်တာတွေဟာ စစ်အုပ်ချုပ်ရေးသွတ်သွင်းဖို့ ကြိုးပမ်းတာကို ဆက်လက်ငြင်းပယ်ကာ တွန်းလှန်ဖီဆန်နေတဲ့ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ပြတ်သားတာကို ပြသတာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး ရွေးကောက်ပွဲပထမပိုင်းက မဲပေးဖို့ အချိန်နီးကပ်လာပေမယ့် စစ်အုပ်စုရဲ့ နယ်မြေလွှမ်းခြုံနိုင်စွမ်း အကန့်အသတ်ကြောင့် မဲရုံဖွင့်တဲ့အခြေအနေနဲ့ အချို့မဲရုံတွေ ဖျက်သိမ်းခဲ့ရတာရှိတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီမဟုတ်ဘဲ ရက်စက်တဲ့ အာဏာရှင်နိုင်ငံ အနည်းငယ်ကပေးတဲ့ တရားဝင်မှုကိုတောင် ရသလောက်ယူမယ်ဆိုတဲ့ တရားဝင်မှုရရှိဖို့ ကြံရာမရ ကြိုးပမ်းတာလို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုရဲ့ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ကို ချက်ချင်းအဆုံးသတ်နိုင်ဖို့ အတူတကွ ဝိုင်းဝန်းတောင်းဆိုဖို့နဲ့ စစ်အုပ်စုကို ဘယ်လိုပုံစံမှာမဆို ငြင်းပယ်ဖို့ SAC-M က တိုက်တွန်းထားပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့လဲ အများပါဝင်တဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံ ဖြစ်ပေါ်လာဖို့ ကတိပြု ကြိုးပမ်းနေတဲ့ တိုင်းရင်းသားလူမျိုးစုအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ NUG အပါအဝင် ဒီမိုကရေစီအင်အားစုတွေကို ပိုမိုအားကောင်းတဲ့ ပံ့ပိုးကူညီမှုတွေ ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။








