ဖေဖော်ဝါရီလ (၁၃)ရက်။
မနေ့က တရက်ထဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်ဟာ မနေ့က ည (၉)နာရီကျော်အချိန်က ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက် ဆီဆိုင်ကွင်းဟောင်းအနီး ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို စစ်တပ်ရဲ့ လေကြောင်းကနေ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာကြောင့် အရပ်သား (၄)ဦး သေဆုံးပြီး (၉)ဦး ပြင်းထန်နဲ့ အလတ်စားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနေ့တရက်ထဲ ည (၉)နာရီ (၂၀)မိနစ်အချိန်မှာ မြောက်ဦးမြို့ အလယ်ရပ်ကွက်ရှိ စစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာကို လေကြောင်းကနေ ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ လသားအရွယ် ကလေးငယ်တဦးနဲ့ သူ့ရဲ့ မိဘ (၂)ဦးစလုံး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ကာ အရပ်သား (၇)ဦး ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အခုရက်ထဲ ရခိုင်ပြည်ကို ဂျက်တိုက်လေယာဉ်တွေနဲ့ ကင်းထောက်လေယာဉ်တွေကို တပြိုင်ထဲ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်တာတွေကို အရင်ကထက် ပိုမိုပြုလုပ်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းရန်တွေကို ပိုမိုသတိရှိကြဖို့ ထပ်မံအသိပေးထားတယ်လို့ သိရပါတယ်။










