ဖေဖော်ဝါရီလ (၁၃)ရက်။
မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က ဆားလင်းကြီးနယ် ဖိုဝင်တောင်အနီးရှိ တော်လှန်ရေးတပ်စခန်းတခုကို စစ်တပ်က စက်တပ်လေထီး (၃)စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“ ဗုံးကြဲခံရတဲ့အချိန်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အစည်းအဝေးလုပ်နေတဲ့အချိန်လို့ သိရတယ်။ အဲ့ဒီမှာ အဖွဲ့အစုံက ခေါင်းဆောင်တွေလဲပါတယ်။ ဖိုဝင်တောင်နားက PDF စခန်းကို စက်တပ်လေထီး (၃)စီးနဲ့ လာကြဲသွားတာ” လို့ ဆိုပါတယ်။
စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တဲ့အချိန်ဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင် အစည်းအဝေးလုပ်နေချိန်ဖြစ်ပြီး စခန်းထဲရှိ PDF ရဲဘော် (၁၀)ဦးကျော် ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစက်တပ်လေထီးတွေဟာ နမခစစ်ဌာနချုပ်ကနေ လာတာဖြစ်ပြီး သတင်းပေါက်ကြားတာကြောင့် ဖြစ်နိုင်ပြီး ဖြစ်စဉ်ထဲ စခန်းအဆောက်အဦအချို့ ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ကျဆုံးခဲ့တဲ့ PDF အဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ (၃)ခုထက်မနည်းကဖြစ်ပြီး နေ့ချင်း သင်္ဂြိုလ်ခဲ့တာဖြစ်သလို အသေးစိတ်အခြေအနေကိုတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ဖို့ရှိတယ်လို့ ဆိုပါတယ်။
ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်ကလဲ အဲ့ဒီနေရာတဝိုက်ကို စစ်တပ်က စက်တပ်လေထီးနဲ့ လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့ကာ ထိခိုက်တာမရှိဘူးလို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။








