ဇန်နဝါရီလ (၁၄)ရက်။
မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။
“ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။ ဖမ်းတဲ့အကြောင်းအရင်းကိုတော့ သေချာမသိရသေးဘူး” လို့ ဆိုပါတယ်။
PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဗဟန်းမြို့နယ်ရှိ သူ့ရဲ့နေအိမ်ကို လာရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်ပြီး အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
အခုလို စစ်တပ်က ဖမ်းဆီးခဲ့တဲ့အထဲ ဒေါ်သက်သက်ခိုင်နဲ့အတူ ပါတီဗဟိုအလုပ်အမှုဆောင်တဦးလဲ ပါဝင်ခဲ့ပြီး ပါတီဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးပါ။
ဒေါ်သက်သက်ခိုင်ဟာ အတုအယောင်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ပြိုင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ငွေကြေးအရှုပ်အရှင်းကြောင့် စစ်တပ်က ကိုယ်စားလှယ်အမည်စာရင်းကို ပယ်ဖျက်ခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရတာဟာ ပြီးခဲ့တဲ့လပိုင်းက သတင်းဌာနတခုနဲ့ မေးမြန်းခန်းမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်လို့ ယတိပြတ် မပြောနိုင်ဘူးဆိုပြီး ဝေဖန်ခဲ့တာကြောင့်လို့လဲ ပြောဆိုတာတွေရှိပါတယ်။
အခုအခါ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂)ပိုင်း ပြီးတဲ့အချိန်အထိ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဟာ တနေရာမှ အနိုင်ရရှိတာ မရှိသေးဘူးလို့ သိရပါတယ်။








