ဇန်နဝါရီလ (၁၅)ရက်။
PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ စားသောက်ဆိုင်တခုမှာ ပြည်ပသံရုံးတရုံးက လူအချို့နဲ့ Mask တပ်ပြီး တရားမဝင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့တာကို သတင်းပို့ တိုင်ကြားတာရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုတိုင်ကြားတာကြောင့် စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့ကာ မှန်ကန်တဲ့အပြင် ဒေါ်သက်သက်ခိုင်တို့ (၂)ဦးကလဲ ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အနေနဲ့ သံရုံးတွေ/အဖွဲ့အစည်းတွေနဲ့ လျှို့ဝှက်စွာ တွေ့ဆုံနေတာတွေ ရှိတဲ့အပေါ် ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီး ခွင့်ပြုချက်ရယူဖို့ သတိပေးအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အခုလို ပြည်ပသံရုံးတရုံးနဲ့ တရားမဝင် တွေ့ဆုံတာကြောင့် ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ထက်ထက်လှိုင်တို့ကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ နိုင်ငံခြားတိုင်းပြည်ရဲ့ အထောက်အပံ့နဲ့ ဩဇာခံယူရင် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်မယ်ဆိုပြီး စစ်တပ်က နိုင်ငံရေးပါတီတွေကို အကြောင်းကြားထားပါသေးတယ်။
ဒါ့ကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်ပက အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်နဲ့ တွေ့မယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်ကို ကြိုတင်တင်ပြပြီး ခွင့်ပြုချက်ရရှိမှ တွေ့ဆုံဖို့ ထပ်မံအကြောင်းကြားထားတယ်လို့ သိရပါတယ်။








