ဇန်နဝါရီလ (၁၅)ရက်။
မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က ခရိုင်တပ်ရင်း(၃) အမြဲရှိတဲ့ မြင်းခြံ-ပုဂံညောင်ဦးလမ်းမှာ ပုဂံညောင်ဦးကို အပန်းဖြေဖို့ထွက်လာတဲ့ သီတာယုမွန် အမျိုးသားကို တပ်ခွဲ(၂)က ဖမ်းဆီးမိခဲ့တာ၊ သူ့ဆီကနေ မူးယစ်ဆေးဝါးတွေပါ တွေ့ရှိခဲ့တယ်” လို့ ဆိုပါတယ်။
ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ ခင်ပွန်းဟာ ပုဂံညောင်ဦးကို အပန်းဖြေဖို့ ထွက်လာချိန် မြင်းခြံ-ပုဂံညောင်ဦးလမ်းမှာ မြင်းခြံခရိုင်တပ်ရင်း(၃)၊ တပ်ခွဲ(၂)က ဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။
သီတာယုမွန်ခင်ပွန်းဖြစ်သူ စိန်လွင်ကို ဖမ်းမိတဲ့အချိန် မူးယစ်ဆေးဝါးတွေပါ တွေ့ရှိခဲ့ပြီး သူဟာ ပြည်သူ့စစ် ဒုခေါင်းဆောင်အနေနဲ့ တာဝန်ယူထားတယ်လို့ ရေးသားထားပါတယ်။
အခုလို ခင်ပွန်းဖြစ်သူ ပျောက်ဆုံးနေတာကြောင့် ပျူစောထီးခေါင်းဆောင် သီတာယုမွန်ဟာ KTV တွေကို ကား (၃)စီးနဲ့ လိုက်လံရှာဖွေနေတယ်လို့လဲ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းက ပြောဆိုထားပါတယ်။
ပျုစောထီးခေါင်းဆောင် သီတာယုမွန်ဆိုသူဟာ စစ်တပ်က လက်နက်တပ်ဆင်ပေးထားတာကြောင့် မြင်းခြံမြို့မှာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ရွာတွေမီးရှို့တာနဲ့ စစ်တပ်နဲ့အတူ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။












