ဇန်နဝါရီလ (၁၆)ရက်။
ယောဒေသစစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်နေတဲ့ ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဂန့်ဂေါနယ်တောင်ပိုင်းတိုက်နယ်ပကဖထံက သိရပါတယ်။
“ ဖြစ်စဉ်က ဒီလ (၆)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်မှာ မြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းက ယောဒေသစစ်ဆင်ရေးတာဝန်နဲ့ တောင်ပိုင်းကိုပြန်တဲ့အချိန် သူ့အိမ်မှာ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးဖို့ဆိုပြီး ဝိုင်းထားတာ။ သူကိုမတွေ့တော့ သူ့မိန်းမကို မေးပြီး အုပ်ချုပ်ရေးမှူးဆီ လိုက်ပို့တာ။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးနဲ့တွေ့ချင်တာမဟုတ်ဘဲ ဦးထွန်းကိုပဲ မေးနေတာ” လို့ ဆိုပါတယ်။
ဇန်နဝါရီလ (၆)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်မှာ မြို့နယ်ပကဖရဲ့ ကူညီကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေတဲ့ မဲကျေးရွာနေ ဦးထွန်းက ယောဒေသစစ်ဆင်ရေးတာဝန်နဲ့ တောင်ပိုင်းကိုပြန်လာပြီး နေအိမ်ကို ရောက်ရှိခဲ့တာလို့ သိရပါတယ်။
အဲ့ဒီအချိန်မှာ လက်နက်ကိုင်အဖွဲ့တခုက နေအိမ်ကို ဝိုင်းထားပြီး ဦးထွန်းကို မတွေ့တာကြောင့် ဇနီးဖြစ်သူကို မေးမြန်းရာ ရွာအုပ်ချုပ်ရေးမှူးထံ လိုက်ပို့ခဲ့ပေမယ့် အဲ့ဒီအဖွဲ့က ဦးထွန်းနဲ့သာ တွေ့ချင်ကာ ဖမ်းဆီးဖို့လာတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီအတွက်ကြောင့် ဦးထွန်းဟာ ဖမ်းဆီးမခံရဖို့ တိမ်းရှောင်ခဲ့ရကာ ဂန့်ဂေါတောင်ပိုင်းတိုက်နယ်ပကဖတွေက သွားရောက်ကယ်ထုတ်ခဲ့ရပြီး ဖမ်းဆီးဖို့ကြိုးစားတဲ့ အကြောင်းအရင်းနဲ့ ဘယ်အဖွဲ့ဆိုတာတော့ သေချာမသိရသေးပါဘူး။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုက်နယ်ထဲရှိ ပကဖ၊ ပအဖနဲ့ ပလဖ တာဝန်ခံတွေ အစည်းအဝေးပြုလုပ်ကာ နောက်ထပ် အခုလိုဖြစ်စဉ်တွေ မဖြစ်စေဖို့နဲ့ ဖြစ်လာရင်လဲ ထိရောက်တဲ့ အကူအညီတွေပေးဖို့ ဆွေးနွေးအတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
နောက်ပြီး အဲ့ဒီဖြစ်စဉ်ကို NUG ရဲ့ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ဆီ ဖြေရှင်းပေးဖို့ တောင်းဆိုထားပြီး ကြန့်ကြာနေရင် ခရိုင်တပ်ရင်းတွေ ပူးပေါင်းကာ လိုအပ်သလို တိုက်ရိုက်ဖြေရှင်းသွားမယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အဲ့ဒီလက်နက်ကိုင်အဖွဲ့ဟာ လက်နက်အပြည့်အစုံနဲ့ အင်အား (၃၀)ဝန်းကျင်ရှိပြီး ဦးထွန်းဟာ အခြားတော်လှန်ရေးအဖွဲ့တခုနဲ့ ပတ်သက်တာကြောင့် လာရောက်ဖမ်းဆီးတာဖြစ်တယ်လို့ ဒေသထဲသတင်းတွေရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။








