ဖေဖော်ဝါရီလ (၁၆)ရက်။
တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံထဲကနေ အပြီးအပိုင် ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
တီမောအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် သူ့ရဲ့ ကတိကဝတ်တွေနဲ့ တာဝန်တွေကို လိုက်နာဆောင်ရွက်တာမရှိဘူးလို့ ဆိုပါတယ်။
တီမောသမ္မတဟာ မြန်မာစစ်တပ်အပေါ် တရားစွဲဆိုတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ လက်ခံတွေ့ဆုံပြီး NUG နဲ့ တွေ့ဆုံတာတွေအပေါ် လုံးဝလက်မခံနိုင်ဘူးလို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီအပြုအမူဟာ အာဆီယံပဋိညာဉ်နဲ့ အရှေ့တောင်အာရှချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တို့မှာ ပါရှိတဲ့ အခြေခံမူတွေကို ချိုးဖောက်တာဆိုပြီး စွပ်စွဲထားပါသေးတယ်။
နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်ပေမယ့် တီမောသမ္မတအနေ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာကြောင့် တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံကနေ အပြီးအပိုင်ထွက်ခွာဖို့ ညွှန်ကြားတာလို့ ရေးသားထားပါတယ်။
တီမောသံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီဆော်ဆာကို စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးက အခုလ (၁၃)ရက်နေ့က ဆင့်ခေါ်ပြီး (၂၀)ရက်နေ့မတိုင်မီ ထွက်ခွာဖို့ ညွှန်ကြားထားတာပါ။
နောက်ပြီး တီမောနိုင်ငံအနေနဲ့ ရပ်တည်ချက် သဘောထားတွေ မပြောင်းလဲရင် ပိုမိုပြင်းထန်တဲ့ အစီအမံတွေ ထပ်မံချမှတ်သွားမယ်ဆိုပြီးလဲ ထည့်သွင်းခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။








