ဇန်နဝါရီလ (၁၆)ရက်။
မနေ့က ညပိုင်းအချိန်က စစ်ကိုင်းမြို့အနီးရှိ စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Sagaing PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စကမတပ်သားတွေ တပ်စွဲထားတဲ့ ကံတလူတိုးဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီမှာ စကမတပ်သားတွေ အထိအခိုက်များပြီး စစ်ကိုင်းမြို့ဘက်ကို ထွက်ပြေးသွားတယ်” လို့ ဆိုပါတယ်။
စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေးကားလမ်းမပေါ်ရှိ စစ်တပ်တပ်စွဲထားတဲ့ ကံတလူတိုးဂိတ်ကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အထိနာပြီး စစ်ကိုင်းမြို့ဘက် ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို စစ်တပ်က ဆုတ်ခွာထွက်ပြေးသွားတာကြောင့် တပ်စွဲထားတဲ့ အဆောက်အဦးတွေကို ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ ရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ Sagaing PDF က စစ်သည်ရဲမေတွေပါ ဝင်ရောက်တိုက်ခိုက်ခဲ့သလို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့နဲ့ စစ်ကိုင်းမြို့နယ်ပကဖတို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် Sagaing PDF အနေနဲ့ Operation-677 ကို ဖော်ဆောင်နေသလို မိုးကုတ်-မိုးမိတ်ဒေသမှာလဲ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံတပ်တွေနဲ့ အတူတိုက်ပွဲဝင်နေတယ်လို့ အသိပေးထားချက်အရ သိရပါတယ်။






