ဇန်နဝါရီလ (၁၇)ရက်။
၂၀၂၅ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲတွေမှာ ရဲဘော် (၁၂)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ပွဲတွေထဲ ကျဆုံးခဲ့သူတွေဟာ CDF-KKG တပ်ရင်း(၁)က တပ်စုမှူးနဲ့ ရဲဘော်တဦးအပြင် တပ်ရင်း(၂)၊ တပ်ရင်း(၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)နဲ့ တပ်ရင်း(၇)တို့က ဖြစ်ပြီး ရဲမေတဦး ပါဝင်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ မှန်တောတိုက်ပွဲ၊ အောင်သာယာတိုက်ပွဲ၊ လက်ပံချောင်းတိုက်ပွဲနဲ့ အနောက်တောလေးရွာတိုက်ပွဲတို့မှာ ကျဆုံးခဲ့တာလို့ ဖော်ပြထားပါတယ်။
အခုလို တော်လှန်ရေးအတွက် ပေးဆပ်ခဲ့တာတို့အပေါ် CDF-KKG က အထူးလေးစားဂုဏ်ပြုကာ ကျန်ရစ်တဲ့ မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရတယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲထဲ ကျဆုံးခဲ့သူတွေဟာ တပ်စုမှူး Pu Lian Khem၊ ရဲဘော် Bawi Tuah၊ ရဲဘော် ဖြိုးကိုအောင်၊ ရဲဘော် မင်းကို၊ ရဲဘော် Pum Luah Cin၊ ရဲဘော် မောင်အေး(ခ)ရဲမာန်၊ ရဲဘော် Bi Za Ting၊ ရဲဘော် ဇေယျာမျိုး၊ ရဲဘော် ကြယ်ဇင်ကျော်၊ ရဲဘော် ရန်လင်းအောင်၊ ရှိုင်းထက်စိုး(ခ)ပိန်သေးနဲ့ ရဲမေ Dim Man Cing တို့ဖြစ်တယ်လို့ ဓါတ်ပုံနဲ့အတူ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် CDF-KKG အနေနဲ့ ကလေး-ကဘော်-ဂန့်ဂေါဒေသတွေသာမက အခြားဒေသတွေမှာလဲ တိုက်ပွဲဝင်ခဲ့ရာ တိုက်ပွဲပေါင်း (၄၀၀)ကျော်မှာ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။






